Home
နိုင်ငံတကာ
နီပေါ ရွေးကောက်ပွဲတွင် ရက်ပ်အဆိုတော် ဦးဆောင်သည့် R.S.P ပါတီ အနိုင်ရ
DVB
·
March 9, 2026
Photo: Reuters

နီပေါနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲအတွင်း အသက် ၃၅ နှစ်အရွယ် ရက်ပ်အဆိုတော် ဘယ်လင်ဒရာရှားနဲ့ သူ့ပါတီဟာ တောင်ပြိုကမ်းပြို အနိုင်ရပြီး ဦးဆောင်နေပါတယ်။

ဒါဟာ မနှစ်တုန်းက ဝန်ကြီးချုပ်ဟောင်း ကေပီရှာမာအိုလီရဲ့ အစိုးရကို ဆန္ဒပြပွဲတွေနဲ့အတူ ပြုတ်ကျစေခဲ့ပြီးနောက် ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

အဲဒီနောက် ခတ္တမန္ဒူ မြို့တော်ဝန်ဟောင်းလည်းဖြစ်တဲ့ ရှားဟာ အိုလီရဲ့ အမာခံမဲဆန္ဒနယ်မြေ ဂျာပါ-၅ မှာတင် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

မတ် ၅ ရက် ရွေးကောက်ပွဲအတွင်း အောက်လွှတ်တော်အသစ် ဖြစ်လာမဲ့ အမတ်နေရာ ၂၇၅ ထဲက ၁၀၀ ဝန်းကျင်ကို ရက်စ်ထရီယာဆွာတန်ထရာပါတီ (R.S.P) အနေနဲ့ အနိုင်ရထားတာ တွေ့ပါတယ်။

PR - အချိုးကျကိုယ်စားပြု စနစ်အရဆိုရင်လည်း ဝန်ကြီးချုပ်လောင်း ရှားရဲ့ R.S.P ပါတီဟာ ရေတွက်ပြီးသမျှ ဆန္ဒမဲ ထက်ဝက်နီးပါးနဲ့ ဦးဆောင်နေပါတယ်။

အဲဒီထဲက အမတ် ၁၆၅ နေရာကို မဲဆန္ဒရှင်တွေရဲ့ တိုက်ရိုက်ရွေးချယ်မှုနဲ့ တင်မြှောက်လေ့ရှိပြီး ကျန်တဲ့နေရာ ၁၁၀ ဟာ PR ခွဲတမ်းအရ ဖြစ်ပါတယ်။

အခုလိုမျိုး ရွေးကောက်ပွဲစနစ် ၂ ခု ကျင့်သုံးလေ့ရှိတဲ့ နီပေါနိုင်ငံမှာ ပါတီတခုတည်းကနေ လွှတ်တော်နေရာအများစုကို လွှမ်းမိုးထားနိုင်တာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

လောလောဆယ် မဲရေတွက်နေဆဲ ဖြစ်တဲ့အလျောက် အပြီးသတ်ရလဒ် ထွက်လာဖို့ဆိုရင် နောက်ထပ် ရက်အနည်းငယ် ကြာမြင့်နိုင်ပါသေးတယ်။

အရင် ညွန့်ပေါင်းအစိုးရအဖွဲ့မှာ အကြီးဆုံးပါတီဖြစ်ခဲ့တဲ့ နီပေါကွန်ဂရက်ပါတီ အပါအဝင် ခေါင်းဆောင်အသစ် ဂါဂန် ထာပါကလည်း R.S.P ကို အရှုံးပေးခဲ့ရပါတယ်။

GenZ မျိုးဆက်တွေအပေါ် ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်ရာကနေ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အထက်တန်းလွှာရဲ့ အုပ်ချုပ်မှု၊ ဆွေမျိုးကောင်းစားရေးဝါဒ၊ အကျင့်ပျက်ခြစားမှုနဲ့ သာတူညီမျှ မရှိတာတွေကို ဆန့်ကျင်ခဲ့ကြတာပါ။

အဲဒီနောက် လူသေဆုံးတဲ့အထိ ပြင်းထန်လာခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်က စာမျက်နှာ-၉၀၀ ပါ အစီရင်ခံစာကို မတ် ၈ ရက်မှာ တင်သွင်းခဲ့ပါသေးတယ်။

၄ ကြိမ်တိုင် ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ အိုလီကတော့ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းဖို့ အမိန့်မပေးခဲ့သလို လူအုပ်ထဲ စိမ့်ဝင်လာတဲ့ အဖျက်သမားတွေကြောင့် ဖြစ်တယ်လို့လည်း တုံ့ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013