Home
နိုင်ငံတကာ
နီပေါဂျန်ဇီးတော်လှန်ရေးအလွန် ပထမဆုံးရွေးကောက်ပွဲ ကျင်းပ
DVB
·
March 5, 2026
Photo: Reuters

ပြီးခဲ့တဲ့နှစ်က နီပေါဂျန်ဇီးလူငယ်တွေ ဦးဆောင်ခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လူထုဆန္ဒပြပွဲတွေကြောင့် အစိုးရပြုတ်ကျခဲ့ပြီးနောက်ပိုင်း ပထမဆုံးရွေးကောက်ပွဲကို မတ် ၅ ရက်က ကျင်းပခဲ့ပါတယ်။

အခုရွေးကောက်ပွဲမှာလည်း အဂတိလိုက်စားမှု၊ အလုပ်လက်မဲ့ပြဿနာ၊ စီးပွားရေးတုံ့နှေးမှုနဲ့ ဆင်းရဲချမ်းသာကွာဟမှု ပြဿနာတွေကပဲ အဓိက လွှမ်းမိုးနေပါတယ်။

လွှတ်တော်အမတ်နေရာ ၂၇၅ နေရာအတွက် ရွေးချယ်မဲ့ ဒီရွေးကောက်ပွဲဟာ အစဉ်အလာပါတီကြီးတွေနဲ့ အပြောင်းအလဲကို ဆာလောင်နေတဲ့ လူငယ်တွေအတွက် လှုံ့ဆော်ပေးနေတဲ့ စိန်ခေါ်သူတွေကြားက အကြိတ်အနယ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

ဆန္ဒပြမှုတွေကြောင့် ပြုတ်ကျခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ကေပီရှားမားအိုလီနဲ့ ခတ္တမန္ဒူမြို့တော်ဝန် ရက်ပါအဆိုတော်ဟောင်း ဘာလန်ဒရာရှားတို့ အဓိက အားပြိုင်ရမယ်လို့ ခန့်မှန်းထားကြပါတယ်။

ပိုထူးခြားတာက နှစ်ပေါင်းများစွာ အိုလီရဲ့ အပိုင်နယ်လို့ဆိုနိုင်တဲ့ မဲဆန္ဒနယ်မှာ ရှားက ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် သက်တမ်းအရင့်ဆုံး နီပေါကွန်ဂရက်ပါတီရဲ့ ခေါင်းဆောင်သစ် ဂါဂန်သာပါ ကလည်း ဝန်ကြီးချုပ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။

အရွယ်ရောက်လာလို့ ပထမဆုံးမဲပေးခွင့်ရသူ တသန်းကျော် အပါအဝင် မဲဆန္ဒရှင် ၁၉ သန်းနီးပါး မဲပေးဖို့ မှတ်ပုံတင်ထားကြပါတယ်။

မဲတွေကို လက်နဲ့ပဲရေတွက်မဲ့ နီပေါမှာ တောင်ထူထပ်လို့ မဲပုံးတွေသယ်ယူရေးဟာ နှေးကွေးခက်ခဲတာကြောင့် ရလဒ်ထွက်ဖို့ ရက်အနည်းငယ် စောင့်ဆိုင်းရနိုင်ပါတယ်။

နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကတော့ “ဒီရွေးကောက်ပွဲမှာ ဘယ်ပါတီကမှ အပြတ်အသတ် အနိုင်ရဖို့မရှိဘူး” လို့ သုံးသပ်ထားကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013