
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အီရန်ကို တိုက်ခိုက်မဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန် နိုင်ငံရေးမှာ ခန့်မှန်းရခက်တဲ့ ပြဿနာသစ်တခု ဖြစ်လာပါတယ်။ အခုဆို သက်တမ်းဝက် ရွေးကောက်ပွဲတွေလည်း စတင်နေပါပြီ။ ဒါကြောင့် ဒီကိစ္စဟာ ပါတီကြီး ၂ ခုလုံးအတွက် တော်တော်လေး အကျပ်ရိုက်စရာ ဖြစ်နေပါတယ်။
စနေနေ့မှာတော့ ရီပတ်ဘလစ်ကန်ပါတီဝင် အများစုက ဒီတိုက်ခိုက်မှုကို ထောက်ခံခဲ့ကြပါတယ်။ အန္တရာယ်များတဲ့ အာဏာရှင်ရန်သူကို ရင်ဆိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ စစ်ဆင်ရေးတခုလို့ သူတို့က ဆိုကြပါတယ်။
ဒီမိုကရက်တွေကတော့ ဒီလိုလုပ်တာဟာ ဒေသတွင်းကို မတည်မငြိမ်ဖြစ်စေမယ်လို့ သတိပေးပါတယ်။ အန္တရာယ်များပြီး ကြာရှည်မဲ့ စစ်ပွဲကြီးတခုဆီ ဦးတည်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။
တက္ကဆက်ပြည်နယ်မှာဆိုရင် ဒီမိုကရက်တွေက အထက်လွှတ်တော်အမတ်နေရာကို အနိုင်ရဖို့ မျှော်လင့်နေကြပါတယ်။ အင်္ဂါနေ့မှာ ကျင်းပမဲ့ ပါတီတွင်းရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမဲ့ ထိပ်တန်း ဒီမိုကရက် ကိုယ်စားလှယ်လောင်း ၂ ယောက်စလုံးက ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။
လွှတ်တော်အမတ် ဂျက်စမင် ခရော့ကတ်က “စစ်ကြေညာဖို့ဆိုတာ သမ္မတမှာ အာဏာမရှိပါဘူး။ လွှတ်တော်မှာပဲ သီးသန့်အာဏာရှိတာပါ” လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ပြီးတော့ သမ္မတကို ဆန့်ကျင်ကြဖို့ လွှတ်တော်တွင်းက ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တွေကို တောင်းဆိုခဲ့ပါတယ်။
သူ့ရဲ့အဓိကပြိုင်ဘက် ပြည်နယ်လွှတ်တော်အမတ် ဂျိမ်းစ် တာလာရီကိုကလည်း “အဆုံးမရှိတဲ့ စစ်ပွဲတွေ ထပ်မလုပ်ပါနဲ့တော့” လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ တက္ကဆက်ပြည်နယ်က ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းတွေကတော့ ဒီတိုက်ခိုက်မှုကို တခဲနက် ထောက်ခံအားပေးခဲ့ကြပါတယ်။ လက်ရှိ အထက်လွှတ်တော်အမတ် ဂျွန် ကော်နင်က သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ထောက်ခံရတာ ဂုဏ်ယူတယ်လို့ ပြောပါတယ်။ ပြည်နယ်ရှေ့နေချုပ် ကန် ပက်စတန်ကလည်း သမ္မတဟာ ရဲရင့်တဲ့ ခေါင်းဆောင်မှုကို ပြသခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် ကိုယ်စားလှယ်လောင်းတယောက်ဖြစ်တဲ့ ဝက်စလေဟန့်တ်ကလည်း သမ္မတဟာ ရဲရင့်တဲ့လုပ်ရပ်ကို လုပ်ပြခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။
ဒါပေမဲ့ ရီပတ်ဘလစ်ကန် တချို့ကတော့ ဒီမိုကရက်တွေနဲ့ သဘောထားတူနေပါတယ်။ သမ္မတဟာ သူ့ရဲ့လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်နေတယ်လို့ ဆိုကြပါတယ်။ တချို့ ဒီမိုကရက်တွေကလည်း အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ ဒီတိုက်ခိုက်မှုကို ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။
ကယ်လီဖိုးနီးယားက ဒီမိုကရက်တစ် အကြံပေးပုဂ္ဂိုလ် စတီဗင် မာဗစ်ဂလီယို ကတော့ အခုအချိန်မှာ နိုင်ငံရေးသမားတွေဟာ လေယူရာ ယိမ်းနေကြတယ်လို့ မှတ်ချက်ပြုပါတယ်။ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ အပြည့်အစုံ မသိရသေးလို့ အခြေအနေကို စောင့်ကြည့်နေကြတာလို့ သူက ဆိုပါတယ်။
တိုက်ခိုက်မှုသတင်းတွေ ထွက်လာပြီးနောက်မှာ နိုင်ငံတဝန်းက ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေဟာ လူမှုကွန်ရက်တွေကနေ သူတို့သဘောထားတွေကို အသီးသီး ထုတ်ဖော်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အာယာတိုလာ အလီ ခါမေနီ သေဆုံးသွားပြီလို့ သမ္မတ ထရမ့်ပ်က ကြေညာခဲ့ပါတယ်။
မိန်းပြည်နယ်မှာတော့ အထက်လွှတ်တော်အတွက် ဝင်ပြိုင်မဲ့ ဒီမိုကရက်ကိုယ်စားလှယ်လောင်း ဂရေဟမ် ပလက်တနာက သမ္မတကို ဝေဖန်ခဲ့ပါတယ်။ သမ္မတဟာ နိုင်ငံရေးအရ အခြေအနေမကောင်းလို့ အခုလို ဗုံးကြဲတိုက်ခိုက်တာလို့ သူက ဆိုပါတယ်။ ဂရေဟမ်ဟာ အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မရိန်းတပ်ဖွဲ့ဝင်ဟောင်း တယောက်ပါ။
ဂရေဟမ်က “ထရမ့်ပ်က နိုင်ငံခြားစစ်ပွဲတွေကို ရပ်မယ်ဆိုပြီး မဲဆွယ်ခဲ့တာလေ။ အခုတော့ သူ့နိုင်ငံရေးအနာဂတ် အန္တရာယ်ရှိနေလို့ အမေရိကန်လူငယ်တွေကို အန္တရာယ်ထဲ တွန်းပို့နေပြီ” လို့ ဗီဒီယိုကနေတဆင့် ပြောကြားခဲ့ပါတယ်။
သူ့လိုပဲ မိန်းပြည်နယ် အုပ်ချုပ်ရေးမှူး ဂျဲနက်မေးလ်စ်ကလည်း သမ္မတဟာ အမေရိကန်ကို အန္တရာယ်များတဲ့ ပဋိပက္ခထဲ မဆင်မခြင် တွန်းပို့နေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဒီလို စစ်ဆင်ရေးမျိုးကို ဘယ်ဒီမိုကရက်ကမှ မထောက်ခံသင့်ဘူးလို့ ဂရေဟမ်က ထပ်လောင်းပြောဆိုပါတယ်။ ဒါပေမဲ့ တချို့ဒီမိုကရက်တွေကတော့ ထောက်ခံကြပါတယ်။
အိုဟိုင်းယိုးပြည်နယ်က လွှတ်တော်အမတ် ဂရက်ဂ်လန်းစ်မန်းက ဒီတိုက်ခိုက်မှုဟာ လုပ်သင့်နေတာ ကြာပြီလို့ ဆိုပါတယ်။ အီရန်အစိုးရဟာ ပြီးခဲ့တဲ့ ဆောင်းရာသီက ဆန္ဒပြသူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်လို့ ထောက်ပြပါတယ်။
ဂရက်ဂ်လန်းစ်မန်းက “ဒီကိစ္စကနေတဆင့် ဒေသတွင်းမှာ ရေရှည်ငြိမ်းချမ်းရေး ရလာမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ အီရန်လို အနိုင်ကျင့်တဲ့ အစိုးရမျိုးကို ဆက်ပြီး လွှတ်ထားပေးလို့ မရတော့ဘူးလို့လည်း သူက ဆိုပါတယ်။
တက္ကဆက်ပြည်နယ်က ဒီမိုကရက်လွှတ်တော်အမတ် ဟင်နရီကွေလာကလည်း အီရန်ရဲ့ ခြိမ်းခြောက်မှုဟာ တကယ်ရှိနေတာ ကြာပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ လွတ်လပ်ခွင့်ကို တောင်းဆိုနေကြတဲ့ အီရန်ပြည်သူတွေရဲ့ ရဲစွမ်းသတ္တိကိုလည်း သူက ချီးကျူးခဲ့ပါတယ်။ နယူးယောက်က ဒီမိုကရက်လွှတ်တော်အမတ် တွမ်ဆွာဇီကလည်း သမ္မတရဲ့ ရည်ရွယ်ချက်တွေကို သူ သဘောတူတယ်လို့ ဆိုပါတယ်။
ရီပတ်ဘလစ်ကန် ထိပ်တန်းခေါင်းဆောင်တွေထဲမှာ သမ္မတကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်သူ သိပ်မရှိပါဘူး။ ဒါပေမဲ့ မဲဆန္ဒရှင်တွေရဲ့ တုံ့ပြန်မှုကို မသေချာလို့ တချို့ကတော့ နှုတ်ဆိတ်နေကြပါတယ်။ ဒီပဋိပက္ခ ဘယ်လောက်အထိ ကြီးထွားလာမလဲဆိုတာ မသိရသေးလို့ပါ။
လွန်ခဲ့တဲ့နှစ်ပတ်က ကောက်ယူခဲ့တဲ့ မေရီလန်းတက္ကသိုလ်ရဲ့ စစ်တမ်းအရ အမေရိကန်ပြည်သူ ၂၁ ရာခိုင်နှုန်းကပဲ အီရန်ကို တိုက်ခိုက်တာကို ထောက်ခံကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က AP-NORC စစ်တမ်းမှာတော့ ၇၉ ရာခိုင်နှုန်းသော ပြည်သူတွေက အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
မိန်းပြည်နယ်က ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဆူဆန် ကောလင်းစ်ဟာ စနေနေ့မှာ နှုတ်ဆိတ်နေခဲ့သူတွေထဲက တယောက်ပါ။ ညပိုင်းကျမှသာ ကြေညာချက် ထုတ်ခဲ့ပါတယ်။ အီရန်ဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်ပေမဲ့ ရေရှည်စစ်ဆင်ရေးတွေ လုပ်မယ်ဆိုရင်တော့ လွှတ်တော်နဲ့ အပြည့်အဝ တိုင်ပင်ဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
ရီပတ်ဘလစ်ကန် အထက်လွှတ်တော်ကော်မတီရဲ့ အမှုဆောင်ဒါရိုက်တာဟောင်း ရော့ဘ် ကောလင်းစ်ကတော့ ရီပတ်ဘလစ်ကန် အများစုဟာ အစ္စရေးဘက်က ရပ်တည်ပြီး ဒီစစ်ဆင်ရေးကို ထောက်ခံကြလိမ့်မယ်လို့ ဆိုပါတယ်။ ဒီမိုကရက်တွေထက် ရီပတ်ဘလစ်ကန်တွေအတွက် ဆုံးဖြတ်ရ ပိုလွယ်ကူတယ်လို့ သူက ယူဆပါတယ်။ ဒါပေမဲ့ အစပိုင်းပဲ ရှိသေးလို့ အခြေအနေကို စောင့်ကြည့်ချင်တဲ့ ရီပတ်ဘလစ်ကန်တွေလည်း အများကြီး ရှိသေးတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။
အိုင်အိုဝါပြည်နယ်က ရီပတ်ဘလစ်ကန်လွှတ်တော်အမတ် ဇက်ခ်နန်းကလည်း သမ္မတကို သတိရှိရှိ ချီးကျူးခဲ့ပါတယ်။ သူကိုယ်တိုင် စစ်မှုထမ်းဟောင်းဖြစ်လို့ စစ်ရေးအရ အရေးယူတာကို ပေါ့ပေါ့တန်တန် သဘောမထားဘူးလို့ လူမှုကွန်ရက်မှာ ရေးပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အီရန်မြေပေါ် စေလွှတ်တာကိုတော့ လက်မခံဘူးလို့ သူက အလေးအနက်ထား ပြောပါတယ်။
ဒါပေမဲ့ ရီပတ်ဘလစ်ကန်ပါတီတွင်း တချို့ကတော့ သမ္မတရဲ့ လုပ်ရပ်ကို ဝေဖန်ကြပါတယ်။ ကင်တပ်ကီပြည်နယ်က လွှတ်တော်အမတ် သောမတ်စ်မက်ဆီက "ဒီစစ်ပွဲကို ကျနော် ဆန့်ကျင်တယ်။ ဒါဟာ 'အမေရိကန် ပထမ' မဟုတ်ဘူး" လို့ ရေးသားခဲ့ပါတယ်။ သူဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ တွန်းအားပေးနေပါတယ်။
နယူးယောက်က ဒီမိုကရက်ကိုယ်စားလှယ်ဟောင်း စတိဗ်အစ္စရေး ကတော့ ဒီတိုက်ခိုက်မှုကြောင့် သက်တမ်းဝက် ရွေးကောက်ပွဲအပေါ် ဘယ်လိုဂယက်ရိုက်မလဲဆိုတာ ပြောဖို့ စောလွန်းသေးတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဒါပေမဲ့ အရင်ကဖြစ်ခဲ့တဲ့ နိုင်ငံခြားစစ်ပွဲတွေဟာ ရွေးကောက်ပွဲအပေါ် အကောင်းရော အဆိုးပါ သက်ရောက်နိုင်တယ်လို့ သူက ထောက်ပြပါတယ်။ ဥပမာ- ၂၀၀၂ ခုနှစ်မှာ သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ်ရဲ့ အာဖဂန်နစ္စတန် စစ်ပွဲကို ပြည်သူတွေက ထောက်ခံခဲ့လို့ ရီပတ်ဘလစ်ကန်တွေ အမတ်နေရာ ပိုရခဲ့ပါတယ်။ ဒါပေမဲ့ လေးနှစ်အကြာမှာတော့ အီရတ်စစ်ပွဲကို ပြည်သူတွေက ဆန့်ကျင်လာတဲ့အတွက် ရီပတ်ဘလစ်ကန်တွေ ရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ဖူးပါတယ်။
တင်မ်ဘော့ခ်
Ref: The New York Times


