
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းက ရဲဘော် ၃ ယောက်ဟာ မတ် ၁ ရက်နဲ့ မတ် ၅ ရက်နေ့တွေက ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ယင်းမာပင်ခရိုင် တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်သား ၃ ယောက်ဟာ ပြည်သူ့စစ်သင်တန်း အမှတ်စဉ် ၁၅ နဲ့ အမှတ်စဉ် ၁၇ က ပြည်သူ့စစ်ရဲဘော်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
အလင်းဝင်ရောက်လာသူ ၃ ယောက်က “အမှတ်စဉ် ၁၅ က မန္တလေးမြို့မှာ ပေါ်တာအဆွဲခံရသူ ဖြစ်တယ်။ နောက်ထပ် ၂ ယောက်က ရန်ကုန်မှာ ဂျပန်သွားဖို့ သင်တန်းတက်နေတာကို ပေါ်တာအဆွဲခံခဲ့ရတာ” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာစဉ် MA1 ၂ လက်၊ M4 အောက်တွဲတလက်နဲ့ ကျည် ၄၅၀၊ လက်ပစ်ဗုံး၊ နင်းမိုင်းတွေ ပါလာတယ်လို့လည်း သိရပါတယ်။
ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်က “ပုလဲ ချင်ပြစ်ရွာမှာ ရောက်နေတဲ့ စစ်ကြောင်းကနေ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပြီး မတ်လ ၃ ရက် ညက တယောက်နဲ့ မတ်လ ၅ ရက်က ၂ ယောက်၊ စုစုပေါင်း ၃ ယောက် အလင်းဝင်လာတာရှိတယ်။ သူတို့ရဲ့ နောက်ချန်မိသားစုရဲ့ အန္တရာယ်ကြောင့် ကိုယ်ပိုင်အမှတ်တွေ ဘာတွေ မပြောတော့ပါဘူး။ အလင်းဝင်လာသူ ၃ ဦးစလုံးကို ကောင်းကောင်းမွန်မွန် ကျွေးမွေးဆက်ဆံပြီး ဆုငွေပေးအပ်တာတွေလည်း လုပ်ပေးပါတယ်။ နောက်ထပ် အလင်းဝင်ရောက်လာမဲ့သူတွေလည်း ယုံယုံကြည်ကြည်နဲ့ လာရောက်အလင်းဝင်လာခဲ့ပါလို့ ဖိတ်ခေါ်ချင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းတွေကတော့ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းသာမက ယင်းမာပင်မြို့နယ်အတွင်းမှာလည်း မြေပြင် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။


