
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းမှာရှိတဲ့ ဘန့်ဘွေးရွာကနေ မတ် ၇ ရက် မနက်ခင်းပိုင်းက စတင်ကာ စစ်ကောင်စီတပ်တွေက မြေပြင်စစ်ကြောင်းထိုးလာတာကြောင့် ဘန့်ဘွေးရွာအနီးဝန်းကျင်က ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာနေကြရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ မတ် ၆ ရက် ညနေပိုင်းက မုံရွာ နမခ စစ်တပ်ကနေ မုံရွာ-ယာကြီး-ကလေးကားလမ်းမအတိုင်း စစ်ကားအစီး ၂၀ နဲ့ ဘန့်ဘွေးပျူရွာကို ရောက်ရှိလာပြီး အခုလို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
ဒေသခံရွာသူတယောက်က “အခုစစ်ကြောင်းက ဘန့်ဘွေးရွာမြောက်ဘက်မှာရှိတဲ့ မယ်စောတောတိုက်ကို ရောက်နေပြီရှင့်။ စစ်ကြောင်းရဲ့နောက်ကနေ စစ်ကား ၂ စီးလည်း ပါတယ်။ စစ်ကြောင်းလာကတည်းက လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ပြီး ဝင်လာတာ”လို့ ပြောပါတယ်။
အခုလို စစ်ကြောင်းထိုးလာတာကြောင့် ထန်းဇင်ရွာ၊ မယ်စောတောတိုက်၊ ကံစု၊ ကြက်လျှာ၊ တရော်ကျင်း စတဲ့ကျေးရွာတွေက ပြည်သူထောင်နဲ့ချီ နေရပ်စွန့်ခွာနေကြရပါတယ်။
ယင်းမာပင်ခရိုင် တပ်ရင်းတခုရဲ့ ခေါင်းဆောင်တယောက်က “ကျနော်တို့နဲ့တော့ တိုက်ပွဲ မဖြစ်သေးပါဘူးဗျ။ အခုလောလာဆယ်ကတော့ မယ်စော တောတိုက်မှာရှိတဲ့ ပြည်သူပိုင်ပစ္စည်းတွေ သယ်ယူနေတယ်လို့ သိထားရတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမှာ စစ်တပ်က တပ်ဆွဲပြီး အနီးဝန်းကျင်ကကျေးရွာတွေကို စစ်ကြောင်းထိုး အနိုင်ကျင့်ကာ ရိက္ခာနဲ့ ပစ္စည်းတွေ အကြိမ်ကြိမ် သယ်ယူနေပြီး ရွာသားတွေကိုလည်း သတ်ဖြတ်တာတွေ အကြိမ်ကြိမ်ပြုလုပ်တယ်လို့ သိရပါတယ်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်း ထပ်ထိုးလာတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေပြီး ကျေးရွာတချို့က ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်က မတ် ၈ ရက်မှာ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပအိုးဝ်ပြည်သူ့စစ်တို့ဟာ လွယ်ယိင်းမင်္ဂလာဘက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
မြေပြင်သတင်းရင်းမြစ်တယောက်က “စကစနဲ့ PNO ပူးပေါင်းအဖွဲ့က တိုက်ပွဲဖြစ်ပြီဆိုရင် စစ်ရှောင်နဲ့ ရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးလုပ်လို့ ထိတ်လန့်နေရတာပေါ့။ ဖေဖော်ဝါရီလ ၂၃ ရက်ကစပြီး ခုထိ ထိတွေ့မှု ၄၊ ၅ ကြိမ်ဖြစ်တယ်” လို့ ပြောပါတယ်။
စစ်တပ်အထိုင်ချထားတဲ့ မိုးဗြဲမြို့ထဲနေတဆင့် ကျေးရွာတွေထဲကို ဖေဖော်ဝါရီလကစလို့ ခုလက်ရှိအချိန်အထိ မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေလည်း ဖြစ်နေပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဝက်လောက်ကစလို့ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို ထိန်းချုပ်ပြီး နောက်ထပ်လည်း စစ်ကြောင်းထိုးနေတာ ကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။
စစ်ကောင်စီက ကျေးရွာတွေထဲကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဆက်တိုက် ပစ်ခတ်တာတွေကြောင့် ပြည်သူတွေ သတိထားသွားလာဖို့ မိုးဗြဲ PDF က ဖေဖော်ဝါရီ ၂၅ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။


