Home
မြန်မာသတင်း
သာပေါင်းနှင့် ရေကြည်တို့တွင် စစ်သား ၂၃ ဦး ထွက်ပြေးပြီး ၅ ဦး ပြန်ဖမ်းမိ
DVB
·
February 26, 2026
Photo: Myo Min

ဧရာဝတီတိုင်း၊ သာပေါင်းနဲ့ ရေကြည်မြို့နယ်မှာ တာဝန်ချထားတဲ့ စစ်ကောင်စီတပ်သား ၂၃ ယောက် ထွက်ပြေးသွားပြီး ၅ ယောက် ပြန်လည်ဖမ်းဆီးခံထားရတယ်လို့ ဧရာဝတီတိုင်း တပ်ရင်းနဲ့ နီးစပ်သူဆီက သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေပြီး တိုက်ပွဲဖြစ်နေတဲ့ ရေကြည်မြို့နယ်နဲ့ သာပေါင်းမြို့နယ်တို့ကနေ ဖေဖော်ဝါရီ ၂၀ ရက်ကနေ ၂၅ ရက်အထိ ၅ ရက်အတွင်း တပ်ကြပ်ကြီး အဆင့်ရှိသူ အပါအဝင် ၂၃ ယောက် ထွက်ပြေးသွားခဲ့ပြီး ၅ ယောက်ဟာ ဖေဖော်ဝါရီ ၂၄ ရက် ညက ပြန်လည်ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူက “စစ်မြေပြင်ကနေပဲ ပြေးတာလို့ ပြောရမယ်။ ထွက်ပြေးတာ ၂၃ ယောက်ပါ၊ ၅ ယောက် ပြန်မိထားတာ။ တနေ့တည်း ထွက်ပြေးတာမဟုတ်ဘူး။ ပြန်ဖမ်းမိတဲ့သူတွေကတော့ တနေ့တည်းပြန်မိခဲ့တာ” လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၂၃ ယောက်ဟာ သာပေါင်းမြို့နယ်ထဲက သာပေါင်းကလေး၊ သစ်ဆိမ့်ကုန်း၊ တရော်ကုန်း၊ ယင်းဇယ် စတဲ့ကျေးရွာတွေဘက်မှာ တာဝန်ချထားစဉ် တပ်ကြပ်ကြီး အပါအဝင် ၁၉ ယောက်နဲ့ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ အမြောက်တပ် အမတ ၃၄၄ ကနေ ၄ ယောက် ဖြစ်တယ်လို့ သိရပါတယ်။

သာပေါင်းအခြေစိုက် ခလရ ၃၀၈ တပ်ရင်းနဲ့ နီးစပ်သူက “ထွက်ပြေးသွားတာလို့ သိရတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေက အရင်တပ်သားတွေလား၊ စစ်မှုထမ်း လူငယ်တွေလား မသိသေးဘူး။ အရာရှိတွေက အရက်မူးနေချိန် ပြေးတာလို့ သိရတယ်” လို့ ပြောပါတယ်။

ပြန်လည်ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ဟာ သာပေါင်းမြို့နယ်ကနေ ထွက်ပြေးတဲ့ တပ်သားတွေဖြစ်ပြီး အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ့စစ်တွေက ပူးပေါင်းဖမ်းဆီးပေးတာလို့ သိရပါတယ်။

ဒါ့အပြင် ပြန်လည်ဖမ်းဆီးခံရတဲ့ တပ်သား ၅ ယောက်ကို စစ်ကောင်စီတပ်က ရိုက်နှက် နေပူလှန်းတာတွေ လုပ်ပြီး ချုပ်နှောင်ထားကာ ထွက်ပြေးစစ်သားတွေကိုလည်း ချိတ်ဆက် စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။

အဲဒီ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေကို ပြန်လည်ဖမ်းမိပါက ရိုက်နှက်တာ၊ ခြေလက်တွေကို သေနတ်နဲ့ပစ်ခတ်တာ၊ နေပူလှန်းတာ စတဲ့ ပုံစံအမျိုးမျိုးနဲ့ အပြစ်ပေးတဲ့အပြင် တခြားဒေသ ရှေ့တန်းကို ပြောင်းရွှေ့ စေလွှတ်တာတွေ လုပ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013