
မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လဝကဝန်ထမ်းတွေ ပေါင်းပြီး ဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်မှုထမ်း လူစားထိုးဖို့အတွက် ဆိုကာ ငွေကျပ် သိန်း ၁၇၀ အထိ တောင်းယူနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မြို့သစ်မြို့နယ်အတွင်းမှာ စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ခရီးသည်တင်ကားတွေပေါ် ပါလာတဲ့ လူငယ်တွေနဲ့ ကျေးရွာတွေက လူငယ်တွေကို အကြောင်းမဲ့ ဖမ်းဆီးနေပြီး အဲဒီလို ဖမ်းဆီးပြီးတဲ့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လဝက ပူးပေါင်းအဖွဲ့က “လူစားလဲမယ်ဆိုရင် ငွေသိန်း ၁၇၀ ပေးရမယ်၊ ငွေပေးရင် မှတ်ပုံတင်နဲ့ ဆေးစစ်တာကအစ အကုန်ပြောင်းပြီး လူစားထိုးပေးမယ်၊ ငွေသိန်း ၁၇၀ မပါရင် လာမညှိနဲ့” လို့ ပြောဆိုကြောင်း ငွေကြေးနဲ့ ညှိနှိုင်းခံခဲ့ရတဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။
ဖမ်းဆီးခံရသူတယောက်ရဲ့ မိသားစုဝင်က “စစ်တပ်က ရဲနဲ့ပေါင်းပြီး လုပ်စားနေတာပါ။ မူးယစ်ဆေး၊ လောင်းကစားနဲ့ ဒုစရိုက်လုပ်ငန်းတွေကို ကျတော့ လိုင်းကြေးယူပြီး လွှတ်ထားတယ်။ သူတို့က ငွေရလို့ လူဖမ်းတဲ့အလုပ်ပဲ လုပ်တာ။ ၁၀ ယောက်ဖမ်းရရင် ၅ ယောက်လောက်ကို ငွေနဲ့လဲခိုင်းတယ်။ ငွေက တယောက်တည်းရတာ မဟုတ်ဘူး၊ အဆင့်ဆင့် ခွဲပေးရတာလို့ ပြောတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလကစပြီး ကန့်သတ်မြို့နယ်တွေက ဒေသခံတွေ ခရီးသွားရင် ထောက်ခံစာပါမှ ခရီးသွားခွင့်ပြုမယ်လို့ ကြေညာထားပြီးနောက်ပိုင်း ဂိတ်တွေမှာ အတင်းအကျပ် စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ဆောင်လာတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း မကွေးမြို့အထွက် ကံပြားဂိတ်မှာ ခရီးသည်တင်ကားပေါ်က လူငယ်အမျိုးသား ၁၁ ယောက်ကို ဖမ်းဆီးပြီး ကျပ်သိန်း ၁၅၀ နဲ့ ပြန်ရွေးခိုင်းတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။


