
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ကက္ကူကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဈေးဝယ်ထောက်ခံစာတရွက်ကို ကျပ် ၁၀,၀၀၀ မပေးရင် လုပ်မပေးတာကြောင့် အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ပထမအပတ်ကစတင်ပြီး ရေကြည်မြို့နယ်၊ ကက္ကူကျေးရွာအုပ်စုက ကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းအောင်ဟာ ကက္ကူကျေးရွာအုပ်စုထဲက အရပ်သားတွေအနေနဲ့ ရေကြည်မြို့ပေါ်နဲ့ တခြားဒေသတွေကို ကုန်ပစ္စည်းတွေ ဝယ်ယူလိုပါက ဈေးဝယ်ထောက်ခံစာ တရွက်ကို ကျပ် ၁၀,၀၀၀ ပေးမှ လုပ်ပေးတာဖြစ်ပြီး ထောက်ခံစာမလုပ်ဘဲ ဈေးဝယ်ခွင့် မပေးဘူးလို့ ကန့်သတ်ထားကြောင်း သိရပါတယ်။
ဒေသခံ အရပ်သားတယောက်က “ငွေ ၁၀,၀၀၀ ပေးပြီး လုပ်ရတယ်။ အုပ်ချုပ်ရေးမှူးဆီမှာ လုပ်ရတာ။ အားလုံးလုပ်ရတာ။ မပေးရင် လုံးဝလုပ်မပေးဘူး။ သုံးရက်တကြိမ်ပဲ ဈေးဝယ်ခွင့်ပေးတယ်။ ကုန်ပစ္စည်းပြတ်လည်းမရဘူး။ ထောက်ခံစာတရွက် ၁၀,၀၀၀ ကို သုံးရက်တကြိမ် လုပ်ရတော့ အတော်ဒုက္ခရောက်နေပြီ” လို့ ပြောပါတယ်။
အဲဒီ ဈေးဝယ်ထောက်ခံစာလုပ်ရတဲ့ ကက္ကူကြီးကျေးရွာအုပ်စုဟာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်နေတဲ့ ဒေသထဲက တခုဖြစ်ပြီး ကျေးရွာခွဲ ၄ ရွာလောက်မှာ လူနေအိမ်ခြေထောင်ချီ ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ထောက်ခံစာကို သုံးရက်တကြိမ် လုပ်ရမယ်လို့ သတ်မှတ်ထားတော့ အုပ်ချုပ်ရေးမှူးက သိတယ်။ ထောက်ခံစာမလုပ်ရင် ဈေးဝယ်ခွင့်ကို မပေးတာ။ ဒီဘက်က ကုန်စည်တွေကို PDF တွေဘက် မရောက်စေဖို့ တားမြစ်တဲ့ လုပ်ဆောင်ချက်ပါ” လို့ ပြောပါတယ်။
အဲဒီကျေးရွာအုပ်စုမှာ ဈေးဝယ်တာကို ထောက်ခံစာလုပ်ခိုင်းတာအပြင် မှတ်ပုံတင်ပါမှ ဈေးဝယ်ခွင့်ပြုပြီး ဝယ်ယူတဲ့ ဈေးကုန်ပစ္စည်းထဲမှာလည်း ဆန် ၃ ပြည်၊ ၃ ရက်တကြိမ် ဝယ်ခိုင်းတာကြောင့် အခက်တွေ့နေတာလို့ သိရပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဝင်းအောင်နဲ့အဖွဲ့က အရပ်သားတွေ ဝယ်ယူလာတဲ့ ကုန်ပစ္စည်းတွေကို ဖွင့်ဖောက်စစ်ဆေးပြီး ထောက်ခံစာပါ သတ်မှတ်ချက်တွေအတိုင်း ဝယ်မလာဘဲ ကုန်ပစ္စည်း အများအပြား ဝယ်လာပါက PDF အတွက် ဝယ်လာတာလို့ စွပ်စွဲသိမ်းယူနေတယ်လို့ သိရပါတယ်။


