Home
မြန်မာသတင်း
သန်လျင်မြို့နယ်အုပ်ချုပ်ရေးမှူးက မသန်စွမ်းထောက်ပံ့ကြေးများကို မပေးဘဲ ထုတ်သုံးနေ
DVB
·
February 4, 2026

ရန်ကုန်၊ သန်လျင်မြို့နယ်မှာ စစ်ကောင်စီက မသန်စွမ်းတွေကိုပေးတဲ့ ထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က မပေးဘဲ ထုတ်ယူသုံးစွဲနေတယ်လို့ မသန်စွမ်းမိသားစုဝင်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက် မနက် ၁၀ နာရီက သန်လျင်မြို့နယ်အတွင်းမှာရှိတဲ့ မသန်စွမ်းတွေကို မြို့နယ်ထွေအုပ်ရုံးမှာ ထောက်ပံ့ကြေး ၃၀,၀၀၀ ထုတ်ပေးရာ မသန်စွမ်းမှတ်ပုံတင်မရှိတဲ့သူတွေကို ထုတ်မပေးဘူးလို့ မိသားစုဝင်တယောက်က DVB ကို ပြောပါတယ်။

“ပိုလီယိုဖြစ်နေလို့ ဝှီးချဲနဲ့ သွားနေရတဲ့သူကို မြို့နယ်အုပ်ချုပ်ရေးမှူးက မသန်စွမ်း မှန်ကန်ကြောင်း ထောက်ခံချက်ပါမှ ထောက်ပံ့ကြေးပေးမယ် ဆိုတော့ သူတို့ သတ်မှတ်ထားတဲ့ မသန်စွမ်း ဆိုတာ ဘာလဲလို့ မေးချင်တယ်။ မနက်က အမြင်အာရုံ ချို့တဲ့သူတွေရော အကြားအာရုံချို့တဲ့သူရော ဘယ်သူမှ မရဘူး၊ အယောက် ၃၀ လောက်ရှိတယ်။”

စစ်ကောင်စီကပေးတဲ့ ထောက်ပံ့ကြေး ၃၀,၀၀၀ ရဖို့ မသန်စွမ်းတွေအနေနဲ့ မသန်စွမ်းမှတ်ပုံတင် ပြုလုပ်ရပြီး အဆိုပါ မှတ်ပုံတင်ရမှသာ မြို့နယ်ထွေအုပ်က ထောက်ပံ့ကြေး ထုတ်ပေးတာလို့ မသန်စွမ်းမိသားစုဝင် နောက်တယောက်က DVB ကို ပြောပါတယ်။

“မသန်စွမ်းက မြို့နယ်ကို ဆက်သွယ်ရင် မြို့နယ်က ထောက်ပံ့ကြေးရဖို့ မသန်စွမ်းမှတ်ပုံတင် ဘယ်လိုလုပ်ရမယ်ဆိုတာ ညွှန်ပေးရမှာ။ အခုက မှတ်ပုံတင်ရှိမှ ပေးမယ်၊ မှန်ကန်မှ ပေးမယ်ဆိုတာ နိုင်ငံတော်ကပေးတဲ့ ထောက်ပံ့ကြေးကို ထုတ်စားချင်လို့ အခုလို လုပ်တာ။”

မသန်စွမ်းတွေအနေနဲ့ မသန်စွမ်းဖြစ်ကြောင်း မှတ်ပုံတင် ပြုလုပ်ပါက ကိုယ်လုံးပေါ် ဓာတ်ပုံတပုံ၊ လိုင်စင်ဓာတ်ပုံ ၄ ပုံ၊ မှတ်ပုံတင်မိတ္တူ၊ ကလေးဖြစ်ပါက မွေးစာရင်း၊ သန်းခေါင်စာရင်း၊ ရပ်ကွက်ထောက်ခံစာ၊ ဆေးစစ်ချက်တွေနဲ့ ရပ်ကွက်ရုံးကတဆင့် လျှောက်ထားရတာလို့ သူက ရှင်းပြပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သန်လျင်မြို့နယ်အတွက် ချပေးထားတဲ့ မသန်စွမ်းထောက်ပံ့ကြေး ဦးရေမှာ အယောက် ၂၁၀ ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ၁၂၆ ယောက်သာ ပေးခဲ့တယ်လို့ Non CDM သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

စစ်တပ် အာဏာသိမ်းပြီး ၂၀၂၃ ခုနှစ်မှာ မသန်စွမ်းတွေအတွက် ထောက်ပံ့ကြေး ၃၀,၀၀၀ ပေးခဲ့ရာ ရန်ကုန်တိုင်းက လှိုင်သာယာ၊ အင်းစိန်နဲ့ သန်လျင်မြို့နယ်တို့ ပါဝင်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013