
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်မှာ ပြည်သူတွေ တိုင်ကြားထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြလှိုင်ကို မြို့နယ်စစ်ကောင်စီက ပြန်ခန့်ခဲ့လို့ ဇန်နဝါရီ ၃၀ ရက် ည ၁၀ နာရီလော်ကမှာ လူရာနဲ့ချီဆန္ဒကန့်ကွက်ခဲ့ ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရပ်ကွက်အတွင်း ဖိနှိပ်ငွေတောင်းမှုတွေကြောင့် အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ခန့်ထားပေးဖို့ ဒေသခံ ပြည်သူတွေက သက်ဆိုင်ရာကို တိုင်ကြားခဲ့ပေမဲ့ ဦးမြလှိုင်ကိုပဲ ပြန်ခန့်လို့ အခုလိုဆန္ဒပြတာလို့ ရပ်ကွက်နေသူတယောက်က DVB ကို ပြောပါတယ်။
"စစ်မှုထမ်းကြေးကောက်တယ်၊ ဧည့်စာရင်းကြေးတောင်းတယ်။ ရက်ကျော်ရင် ဖမ်းပြီး ဒဏ်ရိုက်တာရှိတယ်။ စစ်တပ်နဲ့ပေါင်းပြီး လူအစားထိုးရောင်းစားတယ်။ ဘေးတွဲတွေကို လစဥ်ကြေးကောက်တယ်။ အုပ်ချုပ်ရေးမှူးပြောင်းပေးဖို့ ရပ်ကွက်ကတိုင်တယ်။ ဒါကိုဒီလူကိုပဲ မြို့နယ်က ပြန်ခန့်လို့ ဆန္ဒပြတယ်။ ရပ်ကွက်လူတွေ အကုန်ဆန္ဒပြတာ။”
၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြလှိုင်ဟာ ပလပ်မြေတွေကို အကွက်ရိုက်ရောင်းစားတာ၊ စစ်မှုထမ်းကြေးလစဥ်ကောက်တာ၊ ဘေးတွဲဆိုင်ကယ်တွေကို လစဥ်ကြေးကောက်တာနဲ့ ဧည့်စာရင်းငွေတောင်းကြမ်းတာကြောင့် တာဝန်ကအနားပေးဖို့ ဇန်နဝါရီလ အစောပိုင်းက တိုင်ကြားခဲ့ကြတာဖြစ်ပါတယ်။
မနေ့ညက ဆန္ဒပြပွဲကို စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်လာတာကြောင့် ရပ်ကွက်နေပြည်သူတွေက လူစုခွဲလိုက်ရပေမဲ့ ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြလှိုင်ကို ပြန်ခဲ့တဲ့ကိစ္စ တိုင်းအစိုးရကို ဆက်လက်တိုင်ကြားသွားမယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောါတယ်။
ရပ်ဖိရပ်ဖတယောက်က "အုပ်ချုပ်ရေးမှူးက ဖိနှိပ်လို့ ရပ်ကွက်ကတိုင်လည်းအလကားလို ဖြစ်နေတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူမောင်က ဦးမြလှိုင်ဆီက ငွေရတော့ သူကိုပဲပြန်ခန့်လိုက်တယ်။ ရပ်ကွက်ကလက်မခံဘူး။ တိုင်းအထိ တဆင့်တက်ပြီး တိုင်ဖို့လုပ်နေတယ်”လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ ဇော်လွင်(ခ) တောက်တဲ့ ဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာမှာ မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက ဦးမြလှိုင်ကို ထပ်မံခန့်ထားခဲ့တာ ဖြစ်ပါတယ်။


