
အာဏာသိမ်းစစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ပြည်သူတွေကို မဖြစ်မနေ မဲထည့်ပေးဖို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ဖိအားပေးခဲ့လို့ မဲထွက်ပေးခဲ့ရတယ်လို့ လမ်းမတော်မှာ နေထိုင်သူတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၅ ရက် မဲရုံစဖွင့်တဲ့ မနက် ၆ နာရီမှာ မဲပေးသူဦးရေဟာ ပြီးခဲ့တဲ့အပိုင်းတွေထက် ပိုများလာခဲ့ပြီး မဲပေးသူ လူငယ်တွေလည်း ပိုများလာခဲ့ပါတယ်။
လမ်းမတော်မြို့နယ်၊ မဲရုံအမှတ် ၂ မှာ မဲလာပေးသူတယောက်က “မဖြစ်မနေ မဲပေးရမယ်ဆိုပြီး စလစ်လေးတွေ လာပေးသွားတယ်။ လူငယ်ဆိုလည်း လူငယ်အလျောက် မဲပေးရမယ်။ လုပ်ငန်းခွင်တွေ၊ ဈေးဆိုင်တွေကအစ အကုန်ပိတ်ပြီး မဲထွက်ပေးရတယ်။ ကိုယ်တွေလည်း လူငယ်ဆိုတော့ ပြည်ပထွက် ဘာညာ အလုပ်ထွက်လုပ်မယ်ဆိုရင် အဆင်ပြေအောင်လို့ မဲလာပေးတာပါ။ မဲမပေးရင် နိုင်ငံခြားသွားလို့ မရဘူး။ လေဆိပ်မှာတင် ပြန်လွှတ်မယ်ဆိုပြီး ပြောနေတာတွေလည်း ကြားတယ်” လို့ ပြောပါတယ်။
အဆိုပါမဲရုံမှာပဲ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက မနက် ၇ နာရီ ၁၅ မိနစ်လောက်မှာ လာရောက်မဲပေးခဲ့ပါတယ်။
လမ်းမတော်မြို့နယ်၊ အမှတ် ၂ ရပ်ကွက်မှာ မဲရုံ ၂ ရုံရှိပြီး အဆိုပါ မဲရုံ ၂ ရုံ မှာ မဲပေးပိုင်ခွင့်ရှိသူ ၂,၆၈၄ ယောက်ရှိကာ လမ်းမတော်မြို့နယ်မှာ မဲရုံပေါင်း ၂၂ ရုံရှိတယ်လို့ သိရပါတယ်။
သာကေတ၊ တာမွေ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ လမ်းမတော်၊ စမ်းချောင်း၊ မြောက်ဥက္ကလာ၊ ခရမ်း၊ သုံးခွ၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊ ဆိပ်ကြီး/ခနောင်တို၊ ရန်ကင်း၊ ကျောက်တန်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့နယ်တို့မှာ ရွေးကောက်ပွဲ အပိုင်း ၃ ကို ကျင်းပနေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရ ထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေ လုပ်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။


