Home
မြန်မာသတင်း
ကျောင်းကုန်းမြို့နယ်၌ စစ်မှုထမ်းထောက်ပံ့ကြေး ခြိမ်းခြောက် တိုးကောက်နေ
DVB
·
January 25, 2026
Photo: Myo Htet

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်း ထောက်ပံ့ကြေးကို အဆမတန် ခြိမ်းခြောက် တိုးကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောင်းကုန်းမြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းဇော်ထွန်းက စစ်မှုထမ်း ထောက်ပံ့ကြေးအတွက် ဆိုကာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ တအိမ်ကို ငွေကျပ် ၁၅၀,၀၀၀ ကောက်ယူနေရာက ဇန်နဝါရီလ ပထမအပတ်က စတင်ပြီး တအိမ် ကျပ် ၂၀၀,၀၀၀ အထိ တိုးမြှင့် ကောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံ အရပ်သားတယောက်က “မဖြစ်မနေကို ထည့်ခိုင်းနေတာ ထောက်ပံ့ကြေးဆိုပြီး။ အဲဒီ အုပ်ချုပ်ရေးမှူးက ရွာကပြည်သူတွေကို စိတ်ဒုက္ခအမျိုးမျိုး ပေးနေတာ။ အခု ငွေ ထပ်တိုးကောက်ပြန်ပြီ။ ကောက်တဲ့ငွေ ပေးမလား၊ နောက်အသုတ်တွေမှာ စစ်မှုထမ်းမလားလို့ ပြောပြီး ငွေကောက်နေတာ။ ထည့်ရတဲ့သူ များတယ်လေ။ ပြီးခဲ့တဲ့လတွေကအထိပဲ ကောက်တာ” လို့ ပြောပါတယ်။

အဲဒီကျေးရွာအုပ်စုမှာ တင်းကုတ်ကြီးကျေးရွာ အပါအဝင် ကျေးရွာတွေမှာ အိမ်ခြေ ၉၀၀ နဲ့ အထက်မှာရှိပြီး တအိမ် ငွေကျပ် ၂၀၀,၀၀၀ နှုန်း မထည့်ပါက မထည့်တဲ့အိမ်ကို မှတ်ချက်ယူကာ လာမဲ့ စစ်မှုထမ်းအပတ်စဉ်တွေမှာ စစ်မှုထမ်းဖို့ စာရင်းထည့်လိုက်မယ်လို့ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ခြိမ်းခြောက်ကောက်ယူနေတာလို့ သိရပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “အနုကြမ်းစီးတာက သက်သာဦးမယ်။ စစ်မှုမထမ်းချင်ရင် ထည့်လို့ပြောကောက်တာ။ အုပ်ကြီးကိုယ်တိုင် လိုက်ကောက်တာလည်း ရှိတယ်။ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေနဲ့ စာရေးနဲ့ လိုက်ကောက်တာလည်း ရှိတယ်” လို့ ပြောပါတယ်။

ကျောင်းကုန်းမြို့နယ်မှာ ရှမ်းရွာကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ ပေါင်းပြီး အရပ်သားလူငယ်တွေကို ဖမ်းဆီးပြီး တခြားကျေးရွာအုပ်စုတွေကို ပြန်လည် ရောင်းစားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ကျောင်းကုန်းမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ ပုံစံအမျိုးမျိုးနဲ့ ဖိအားပေး ငွေညှစ်နေတာတွေရှိပြီး တရက် ငွေ ၅,၀၀၀ လောက်သာ ရတဲ့ တနေ့လုပ် တနေ့စား အခြေခံမိသားစုတွေအဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013