Home
မြန်မာသတင်း
စစ်မှုထမ်းကြေး မပေးနိုင်သည့် အင်းလေးဒေသခံများ ခြိမ်းခြောက်ခံရ
DVB
·
December 4, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စစ်မှုထမ်းကြေး မပေးနိုင်လို့ အုပ်ချုပ်ရေးမှူးတွေရဲ့ ခြိမ်းခြောက်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်းကြေးကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ရေဘေး၊ ငလျင်ဘေး ကာလကလွဲပြီး လစဥ် ငွေထည့်နေရသလို အလုပ်အကိုင် ရှားပါးလာတာကြောင့် ငွေမထည့်နိုင်ချိန် ခြိမ်းခြောက်ခံနေရတဲ့အတွက် သက်ကြီးရွယ်အိုနဲ့ လူငယ်ပိုင်းတွေ စိုးရိမ်နေရတယ်လို့ သိရပါတယ်။

ဒေသခံ အမျိုးသားတယောက်က “တလကို ၁၉,၀၀၀၊ ၂၀,၀၀၀ အမြဲဆောင်ပေးရတယ်။ တချို့ရွာဆို ၃၀,၀၀၀ ကနေ ၇၀,၀၀၀ အထိ ဆောင်ကြရတယ်။ ငွေသာဆောင်နေရတယ်၊ စစ်မှုထမ်းစာရင်းပါတဲ့ လူငယ်အရေအတွက်က လျော့မသွားဘူး။ ကောက်ထားတဲ့စာရင်းအင်းကို ပြန်ပြတာမျိုးလည်း မရှိဘူး။ အုပ်ကြီးကတော့ မထည့်နိုင်သူနဲ့ ရွာအများစုကို ဝင်ဆွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှု ရှိနေပြီး တဖက်မှာလည်း တကယ်ဝင်ဆွဲပါတယ်” လို့ ပြောပါတယ်။

ကျေးရွာအလိုက် ရွာအိမ်ခြေပေါ်မူတည်ပြီး ထည့်ဝင်ရတဲ့ ငွေပမာဏ ၂၀,၀၀၀ ကျပ်ကနေ ၇၀,၀၀၀ ကျော်အထိ လစဥ်ထည့်နေရသလို ငွေမထည့်နိုင်သူတွေကို လူနဲ့ မဲနှိုက်ခိုင်းပြီး ပေါ်တာဆွဲတာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။ ပေါ်တာဆွဲခံရသူ အရေအတွက် အတိအကျကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ငလျင်ဘေး၊ ရေဘေးကြောင့် စီးပွားရေး လုပ်ကိုင်စားသောက်ဖို့ ခက်ခဲနေတာကြောင့် စစ်မှုထမ်းကြေး ပေးဆောင်ဖို့အတွက် စီးပွားရေးအကျပ်အတည်းတွေကြားကနေ ငွေချေးငှားပြီး ပေးတဲ့သူတွေ ရှိသလို ငွေမထည့်နိုင်ကြသူတွေ များလာချိန် ခြိမ်းခြောက်မှုတွေ ဆက်တိုက်ရှိလာတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013