
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ မုန်တိုင်ရွာမှာ စစ်မှုထမ်းကြေးတွေ စတင်ကောက်နေပြီး ဒီစစ်မှုထမ်းကြေးတွေကိုတော့ ပြည်သူစစ်ကို ပေးတာလို့ ဒေသခံတွေက ပြောပါတယ်။
မုန်တိုင်ရွာမှာ မုန်တိုင်ကျေးရွာအုပ်စုလူကြီး ဦးအေးလွင်နဲ့၊ ခံပင်အိုင်ရွာ ယာအိမ်မှူးဦးဖိုးပါတို့က ဦးဆောင်ပြီး ကောက်တာလို့ ဆိုပါတယ်။
မုန်တိုင်ရွာနေသူတယောက်က “တအိမ်ထောင်ကို ၅ သောင်း၊ အသက် ၁၈ ကနေ ၃၅ ရှိတဲ့အိမ်ဆိုရင် ၁ သိန်းခွဲ၊ မပေးရင် အလည်ရွာရဲစခန်းက ရဲခေါ်မယ်လို့ ဦးဖိုးပါက ကြိမ်းတယ်။ ကြားထဲမှာလည်း အလည်ရွာစခန်းက ရဲတပ်ကြပ်ကြီး ဦးသန်းမြင့်နဲ့အတူ ရွာကို လာကြသေးတယ်” လို့ ပြောပါတယ်။
မုန်တိုင်ရွာမှာ ပြည်သူ့စစ်အဖွဲ့လည်း စတင်ဖွဲ့စည်းနေပြီး ဦးဆောင်သူက လေတပ်ကနေ ဆေးပင်စင်ယူထားတဲ့ ဦးမြင့်ခိုင် ဖြစ်တယ်လို့ သိရပါတယ်။
မုန်တိုင်ရွာက စစ်မှုထမ်းကြေးကောက်လို့ရတဲ့ သိန်း ၁၀၀ ကျော်ကို ပြည်သူ့စစ်ကို ပေးပြီး ပြည်သူ့စစ်အင်အားက ၁၀ ကျော်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
မုန်တိုင်ရွာ ဒေသခံတွေက အခုလို စစ်မှုထမ်းကြေးတွေ ပြည်သူ့စစ်ကို ပေးရတဲ့အတွက် တဖြည်းဖြည်းနဲ့ ပြည်သူ့စစ်အင်အား ကြီးလာမှာကို စိုးရိမ်နေကြပါတယ်။


