
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကျုံရပ်ကျေးရွာမှာ နေထိုင်တဲ့ မောင်ဆန်းထွဋ်ဟာ စစ်ကောင်စီ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာပို့ခံရပြီး စစ်မှုမထမ်းလိုပါက ကျပ်ငွေ ၂၅၀,၀၀၀ ပေးဆောင်ဖို့ ဖိအားပေးတောင်းဆိုတာကြောင့် ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချပြီး အဆုံးစီရင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စားဝတ်နေရေး အဆင်မပြေတဲ့အချိန် စစ်မှုထမ်းဖို့ အကြောင်းကြားစာကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကနေတဆင့် ပေးပို့လာပြီး စစ်မှုမထမ်းဆောင်နိုင်ရင် ကျပ်ငွေ ၂၅၀,၀၀၀ ကျပ်ကို ဖိအားပေး အတောင်းခံရတာကြောင့် သမီး ၂ ယောက်နဲ့ ဇနီးဖြစ်သူကို ထားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာလို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “စစ်မှုထမ်းကြေးမပေးနိုင်လို့ ခုလို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံလိုက်တာ။ စစ်မှုထမ်းကြေးက ၂၅၀,၀၀၀ ကျပ် အတောင်းခံရတာ။ သူ့မှာ အကြွေးတွေလည်း ရှိတယ်၊ အလုပ်အကိုင်က အဆင်မပြေ၊ အကြွေးကလည်း မပေးနိုင်၊ ဒီကြားထဲ စစ်မှုထမ်းဖို့ စားရင်ကလည်း အပို့ခံရ၊ စစ်မှုမထမ်းချင်ရင် ပိုက်ဆံရှာပေးရမယ်ဆိုတော့ ခုလို ဖြစ်သွားတာ” လို့ ပြောပါတယ်။
ဆင့်ခေါ်စာက နိုဝင်ဘာ ၃ ရက်နေ့ ရက်စွဲနဲ့ အုပ်ချုပ်ရေးအဖွဲ့က ပို့တာဖြစ်ပြီး သူ့ကိုယ်သူ အဆုံးစီရင်တာက နိုဝင်ဘာ ၅ ရက်က ကျုံရပ်ရွာနဲ့ မြင်းကဆိပ် ဆက်သွယ်ထားတဲ့ လမ်းဘေးမှာလို့ ဆိုပါတယ်။
အဆိုပါသေဆုံးမှုနဲ့ ပတ်သက်ပြီး သတင်းထိမ်ချန်ဖို့ကိုလည်း ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေက လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းထဲမှာရှိတဲ့ မြို့နယ် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေ အကြောင်းပြကာ စီးပွားရေးဈေးကွက်တခုလို ပြည်သူတွေဆီက ငွေကြေးကောက်ခံတာတွေ လုပ်ဆောင်နေပေမဲ့ စစ်ကောင်စီတပ်အနေနဲ့ အရေးယူဆောင်ရွက်တာတွေကို ဟန်ပြသာ လုပ်ဆောင်နေပြီး အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းစားနေကြတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


