
ပဲခူးမြို့ပေါ် ရပ်ကွက်တချို့မှာ ဧည့်စာရင်းနဲ့နေသူတွေကို မဲပေးပုံသရုပ်ပြပွဲ လာမတက်ရင် ဧည့်စာရင်း ဆက်မပေးဘူးဆိုပြီး စစ်ကောင်စီက ဖိအားပေး အကျပ်ကိုင်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မြို့သစ်(ခ)ရပ်ကွက်မှာ နိုဝင်ဘာ ၂၃ ရက်က လုပ်တဲ့ မဲပေးပုံ သရုပ်ပြရှင်းလင်းပွဲမတိုင်ခင် ဧည့်စာရင်းနဲ့ နေထိုင်သူတွေကို ရာအိမ်မှူးကနေ ခြိမ်းခြောက်ပြောဆိုခဲ့တာလို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
“တခြားရပ်ကွက်တွေမှာတော့ မပြောတတ်ဘူး။ ဒီမှာတော့ အကျပ်ကိုင်သွားတာ။ အလုပ်အားအား၊ မအားအား တက်ရမယ်ဆိုပြီး ပြောတာ။ သူတို့ဧည့်စာရင်းမပေးရင် နောက်ပြဿနာတွေက လာဦးမှာ။ အဲဒီလို ခြိမ်းခြောက်လို့ရလား သိချင်တာ။”
ရပ်ကွက်ရုံးက အကျပ်ကိုင်ခေါ်တဲ့အတွက် အလုပ်ပျက်ခံပြီး သွားလိုက်ရသူတွေရှိပြီး တရက်တာ ဝင်ငွေဆုံးရှုံးရလို့ မကျေနပ်ကြဘူးလို့လည်း ဆိုပါတယ်။
အဲဒီမဲပေးပုံ ရှင်းပြတဲ့သရုပ်ပြပွဲကို တက်တဲ့သူများအောင် စစ်ကောင်စီက တခြားဖိအားပေးတဲ့ နည်းတွေနဲ့လည်း လူစုတာတွေကို ပဲခူးမြို့ပေါ်ရပ်ကွက်တွေမှာ ကြားနေရတယ်လို့ နိုင်ငံရေးလှုပ်ရှားသူ တယောက်က ပြောပါတယ်။
“သူတို့ အထက်ကခိုင်းလို့ ဆိုတာထက် ရပ်ကွက်အုပ်ကြီးတွေက မျက်နှာကောင်းရအောင် အတင်းကြီးတွေ လုပ်နေတာ။ ရပ်ကွက်တော်တော်များများမှာ ဖြစ်နေတာ။"
ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာလည်း ကွင်းကြီးကျေးရွာအုပ်စုမှာ နိုဝင်ဘာ ၂၁ ရက်ကလုပ်တဲ့ မဲပေးပုံ သရုပ်ပြရှင်းပွဲအတွက် လူစုထားဖို့ စစ်ကောင်စီက ညွှန်ကြားခဲ့ပေမဲ့ စုစည်းထားတာ မရှိတာကြောင့် ဖြေရှင်းချက်ပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်စုစာရေးကို မြို့နယ်ထွေအုပ်က ဆင့်ခေါ်ခဲ့ပါတယ်။
အဲဒီလို ဖြေရှင်းချက်တောင်းခံရတဲ့အတွက် အရေးယူခံရမှာစိုးရိမ်ပြီး ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲပေးတဲ့စနစ်ကို အသုံးပြုသွားဖို့ စီစဥ်ထားပြီး မဲပေးပုံ၊ ပေးနည်း ရှင်းလင်းသရုပ်ပြတာတွေကို ရပ်ကွက်တွေမှာ အလှည့်ကျ ပြုနေတာပါ။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
အဲဒီရွေးကောက်ပွဲကို ပြည်သူအများစုက စိတ်မဝင်စားတဲ့အတွက် သရုပ်ပြပွဲတင်မကဘဲ မဲစာရင်းကြည့်မယ့်သူလည်း မရှိတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။


