
ပဲခူးမြို့ထဲကို ခရီးသည်တင် မီနီဘတ်စ်ယာဥ်တွေ ဖြတ်သန်းခွင့် ပိတ်လိုက်တဲ့အတွက် နောက်တဆင့် ပြောင်းစီးရမဲ့သူတွေဆီက ဆိုင်ကယ်နဲ့ အိုးဝေတချို့က စျေးအဆမတန် တောင်းယူတာတွေ ကြုံနေရတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ ခရီးသည်တွေဆီက သိရပါတယ်။
ပဲခူးမြို့ထဲကို ရန်ကုန်အပါအဝင် တခြားမြို့က ခရီးသည်တင်ယာဥ်တွေ ဖြတ်သန်းအသုံးပြုခွင့်ကို တားမြစ်ပြီး မြို့ရှောင်လမ်းကနေ ပြေးဆွဲဖို့ သတ်မှတ်လိုက်တဲ့နောက်ပိုင်းမှာ နီးစပ်ရာဆင်းပြီး ခရီးဆက်သွားရမဲ့သူတွေဆီက စျေးပိုတောင်းတဲ့ ဖြစ်ရပ်တွေ ရှိနေတာလို့ ဆိုပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရတဲ့ ခရီးသည်တယောက်က “တချို့ ဆိုင်ကယ်ကယ်ရီတွေက တမင်ကိုစောင့်ပြီး နှပ်ချဖို့ ချောင်းနေတာ။ မြို့ထဲဆက်သွားမယ်ဆိုရင် တသောင်း၊ တသောင်းခွဲလောက်အထိ ပေးလိုက်ရတဲ့သူတွေရှိတယ်” လို့ ပြောပါတယ်။
အဲဒီလို ကားလမ်းကြောင်းပြောင်းလိုက်လို့ အခက်တွေ့ကြရတဲ့သူတွေဆီက စျေးပိုတောင်းတာ တွေ လုပ်နေတာကြောင့် မြို့မျက်နှာပျက်စေတယ်လို့ မြို့ခံတွေက ဝေဖန်ပါတယ်။
ပဲခူးမြို့နေ ပြည်သူတယောက်က “စျေးတွေ ပိုတောင်းလို့ဆိုတဲ့ အသံတွေ တော်တော်ထွက်နေတာ။ ကိုယ့်မြို့ ရေဘေးဖြစ်ရင် တခြားမြို့ကသူတွေ လာကူညီပေးတဲ့မျက်နှာကို ထောက်ရမှာလေ။ တနပ်စားမလုပ်သင့်ဘူး” လို့ ပြောပါတယ်။
ပဲခူးမြို့ထဲကို နိုဝင်ဘာ ၁၀ ရက်ကစပြီး ခရီးသည်တင်ယာဥ်တွေ ဖြတ်ခွင့်မပေးတော့သလို အဝေးပြေးယာဥ်ဝင်းကိုလည်း မြို့ပြင်ရှိ ကလိရွာအနီး ရွှေ့လိုက်တာဖြစ်ပါတယ်။
လမ်းကြောင်းပြောင်းလဲမှာကို ကြိုတင်အသိပေးတာမရှိတဲ့အတွက် ခရီးသည်တွေ အခက်တွေ့ရသလို ရန်ကုန်ကလာတဲ့ ခရီးသည်တင်ယာဥ်တချို့မှာ ခရီးဆုံးအထိ ဆက်မသွားတော့ဘဲ ပဲခူးမြို့အဝင်ကနေ ပြန်လှည့်တာတွေရှိလာတယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။


