
ပဲခူးတိုင်း၊ ပဲခူးမြို့မှာ ဟံသာဝတီမြို့ဟောင်း ပြန်ဖော်နေတဲ့အတွက် ကျူးကျော်နေအိမ်တွေကို ဖယ်ရှားပေးဖို့ အကြောင်းကြားစာ ပေးပို့ထားပေမဲ့ လက်ရှိမှာတော့ ယာယီရပ်ဆိုင်းထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပဲခူးမြို့နယ်မှာ ရှေးဟောင်း ဟံသာဝတီမြို့ဟောင်းကျုံးနဲ့ မြို့ရိုး ပြန်လည်ထိန်းသိမ်းခြင်း လုပ်ငန်းတွေ ဆောင်ရွက်နေပြီး ကျုံးနဲ့ မြို့ရိုး (နယ်နိမိတ်) က ပိုင်ဆိုင်မှု အထောက်အထားမရှိတဲ့ ကျူးကျော်နေအိမ် အဆောက်အအုံတွေကို စစ်ကောင်စီလက်အောက်ခံ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဖယ်ရှားရှင်းလင်းဖို့ အကြောင်းကြားစာတွေ ပေးပို့ထားပါတယ်။
ကျူးကျော်နေအိမ်တွေကို ပေးပို့ခဲ့တဲ့ အကြောင်းကြားစာထဲမှာတော့ ဩဂုတ် ၂၈ ရက်ကစပြီး စက်တင်ဘာ ၂ ရက်အထိ ဖယ်ရှားရှင်းလင်းဖို့နဲ့ မရှင်းလင်းပါက မြို့နယ် ကျူးကျော်ရှင်းလင်းရေးအဖွဲ့က ဖယ်ရှားရှင်းလင်းသွားမယ်လို့ ပါရှိပေမဲ့ လက်ရှိ စက်တင်ဘာ ၈ ရက်အထိ တစုံတရာ ပြန်ပြောတာ မရှိသေးဘူးလို့ သိရပါတယ်။
ပဲခူးမြို့က ဌာနဆိုင်ရာနဲ့ နီးစပ်သူတယောက်က “အသနားခံစာ တင်တာတွေရော လိုင်းပေါ်မှာ ပြန့်သွားတာတွေရောကြောင့် ပါတယ်။ လောလောဆယ်တော့ ဖျက်ပေးပါလို့လည်း လာမပြောသေးဘူး။ ကြောက်တဲ့ တချို့တွေကျတော့လည်း အိမ်ငှားတွေ ဘာတွေနဲ့ဆိုတော့ ပိုက်ဆံ စပေါ်တင်ထားတာတွေရှိတော့ ချက်ချင်း တခါတည်း ပြောင်းလိုက်တော့တယ်လေ။ မြို့မရဲစခန်းနဲ့ ဆေးရုံနဲ့ icon နဲ့ ဆိုတာက နန်းမြို့ရိုးနဲ့ဆိုရင် တဆက်တည်း တကြောတည်း ပါတယ်။ အဲဒီတော့ ဒီ ၄ နေရာလောက်ကို နေရာပြန်ပေးရမယ်ဆိုရင် ပဲခူးမြို့ရဲ့ ပြင်ပက ကျေးရွာတွေဘက် ရောက်သွားမယ်။ ဒါဆို အဆင်မပြေဘူး။ ဒီအတွက် ပလန်တွေက အများကြီးချစရာ လိုတာတွေ ရှိတယ်။ အဲဒီအိမ်ခြေတွေ ရှင်းဖို့ကို နောက်ဆုတ်တယ်လို့ပဲ မြင်တယ်ပေါ့နော်။ နောက်ဆုတ်တယ် ဆိုပေမဲ့ ဒီအိမ်ခြေလေးတွေကတော့ အရင်ဖျက်မှာ ကျိန်းသေတယ်” လို့ ပြောပါတယ်။
ကျူးကျော်နေအိမ်တွေအဖြစ် ပုဏ္ဏားစု၊ စကြာခြံ၊ ကျောက်ကျင်းစု စတဲ့ ရပ်ကွက်တွေနဲ့ မုန်တိုင်းကျေးရွာက ကျုံးမြို့ရုံးနယ်နိမိတ်နဲ့ မလွတ်တဲ့ လူနေအိမ်ခြေတွေ ဖျက်ပေးရမှာ ဖြစ်တဲ့အတွက် အိမ်ပိုင်ရှင်တချို့ကတော့ နေအိမ်တွေ ဖျက်ပေးပြီး ဖြစ်သလို ကျန်ရှိနေတဲ့ အိမ်ပိုင်ရှင်တွေကလည်း စိုးရိမ်နေကြရပါတယ်။
ကျူးကျော်မြေမှာ နေထိုင်နေကြသူတွေဟာ ကျေးရွာတွေဘက်ကနေ မြို့ကို ပြောင်းရွှေ့လာကြရသူတွေ ဖြစ်တဲ့အတွက် အိမ်ဖျက်ပေးပြီးရင်တော့ ကျေးရွာတွေမှာ ပြန်လည်နေထိုင်ကြရမှာ ဖြစ်သလို လျှော့ဈေးနဲ့ မြေကွက် ပြန်ရောင်းပေးမယ်ဆိုတဲ့ သတင်းတွေ ကြားရတာလည်း ရှိတယ်လို့ အိမ်ဖျက်ပေးရမယ့်သူတယောက်က ပြောပါတယ်။
“ဖျက်ရမယ့်ထဲ ကျနော်တို့ ပါတယ်။ ကျနော်တို့အိမ်တွေလည်း ပါတယ်။ စကြာခြံတခုလုံးပေါ့၊ အခုတော့ ဖျက်တဲ့သူကဖျက် ပြောင်းရွှေ့တဲ့သူက ပြောင်းနဲ့ ကျန်တဲ့သူလည်း ကျန်သေးတာပေါ့။ ရာအိမ်မှူး ပြောတာတော့ နောက်ထပ် ၆ လလောက် နေလို့ရသေးတယ်လို့ သတင်းကြားထားတယ်။ ၃၅ သိန်းပေးရင် မြေကွက်ပြန်ရမယ်လို့ ကျနော်လည်း ကြားနေတာပဲ။”
ကျူးကျော်တွေ ရှင်းလင်းရာမှာ မြို့ရိုးစင်တာကနေ ဘယ်ညာ ပေ ၁၅၀ နဲ့ မလွတ်တဲ့ လူနေအိမ်နဲ့ ဈေးဆိုင်တွေ ဖျက်ပေးရမှာဖြစ်ပြီး ပဲခူးမြို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ညွှန်ကြားမှုဦးစီးဌာနရဲ့ နယ်နိမိတ်သတ်မှတ်ချက်အရဆိုရင် ပဲခူးမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးမြို့မရဲစခန်း၊ Icon ဈေးဝယ်စင်တာနဲ့ အမှတ် ၃ အထက်တန်းကျောင်းဝင်းတွေဟာလည်း ရှေးဟောင်းနယ်နိမိတ်ထဲ ပါနေတယ်လို့ ပဲခူးမြို့ခံတွေက ပြောကြပါတယ်။
ကျူးကျော်အဆောက်အအုံတွေ ဖျက်ပေးရရင် လူဦးရေ ၅ သိန်းနီးပါးရှိတဲ့ ပဲခူးမြို့က အဆောက်အအုံ ၅ ပုံ ၁ ပုံ ဖျက်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။
သီရိ