
စစ်ကောင်စီကပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲကို လက်မခံတဲ့အနေနဲ့ သတိပေး တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရသွားပေမယ့် ထိခိုက်မှုအတိအကျသိနိုင်ဖို့ကိုတော့ စုံစမ်းနေတယ်လို့ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
”ကျနော်တို့က ချိန်ကိုက်မိုင်းသုံးပြီး တိုက်ခိုက်ခဲ့တာပါ။ တရားမဝင်ရွေးကောက်ပွဲလုပ်မှာကို သတိပေးတားဆီးတဲ့အနေနဲ့ပြုလုပ်ခဲ့တာပါ။ ရုံးခြံဝန်း အပေါက်ဝနားမှာ ဖောက်ခွဲခဲ့တာဆိုတော့ ခြံဝန်းအပေါက်ဝနားက အစောင့်တွေတော့ထိသွားတယ်လို့ပဲ သိရသေးတယ်။ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေကို မင်းလှဘက်မှာ မလုပ်သေးပေမယ့်် မိုးညိုမြို့နယ်ဘက်တွေမှာ စပြီးလုပ်နေကြပြီဆိုတော့ ဒီဘက်မှာမလုပ်ရဲအောင် ကျနော်တို့ဘက်က အရင်လုပ်ထားမှ အဆင်ပြေမှာပါ”
ဖောက်ခွဲမှုပြီးတဲ့နောက်ပိုင်းကနေ အခုအချိန်ထိ မင်းလှမြို့မှာ စစ်ဆေးမှုတင်းကြပ်နေတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ရွေးကောက်ပွဲပြုလုပ်တာကို လက်မခံတဲ့အနေနဲ့ နောက်ထပ်လည်း ထိရောက်တဲ့တားဆီးမှုတွေ ဆက်လုပ်သွားမယ့်အပြင် ရွေးကောက်ပွဲမှာ ပါဝင်မယ့်သူတွေနဲ့ အားပေးကူညီသူတွေကိုပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ ပဲခူးတိုင်းက ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ နတ်တလင်း၊ ပြည်၊ ရွှေတောင်၊ လက်ပံတန်း၊ သာယာဝတီ စတဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲအပိုင်း ၁ ကို စတင်ပြုလုပ်သွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အကြောင်းနဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


