Home
မြန်မာသတင်း
ဟံသာဝတီမြို့ဟောင်းနှင့် မလွတ်သည့် နေအိမ် ၅၀၀ ကျော်ကို ဖယ်ရှားခိုင်းနေ
DVB
·
September 5, 2025

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းမှာ ရှေးဟောင်းဟံသာဝတီမြို့ဟောင်းကျုံးနဲ့ မြို့ရိုးကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းတဲ့လုပ်ငန်းတွေလုပ်ဆောင်ဖို့အတွက် မြို့ရိုးဧရိယာနဲ့ မလွတ်တဲ့ ကျူးကျော်နေအိမ် ၅၀၀ ကျော်ကို ဖယ်ခိုင်းနေလို့ နေအိမ်ပိုင်ရှင်တွေ အခက်ကြုံနေရပါတယ်။ 

ဟံသာဝတီမြို့ဟောင်းကျုံးနဲ့ မြို့ရိုးပြန်လည်ထိန်းသိမ်းဖို့ ကျုံးနဲ့ မြို့ရိုး (နယ်နိမိတ်)က ပိုင်ဆိုင်မှု အထောက်အထားမရှိတဲ့ ကျူးကျော်နေအိမ်တွေနဲ့ အဆောက်အအုံတွေကို ဖယ်ရှားရှင်းလင်းပေးဖို့ စစ်ကောင်စီခန့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးရုံးတွေကတဆင့် နေအိမ်တွေထံကို စာတွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ပေးပို့လာတဲ့ အကြောင်းကြားစာထဲမှာတော့ ဩဂုတ် ၂၈ ရက်ကစပြီး စက်တင်ဘာ ၂ ရက် အထိ ဖယ်ရှားရှင်းလင်းဖို့နဲ့ မရှင်းလင်းပါက မြို့နယ် ကျူးကျော်ရှင်းလင်းရေးအဖွဲ့က ဖယ်ရှားရှင်းလင်းသွားမယ်လို့ပါရှိပေမဲ့ စက်တင်ဘာ ၁၅ ရက်အထိ ရက်ရွေ့ပေးထားတယ်လို့ သိရပါတယ်။

ကျူးကျော်နေအိမ်တွေရှင်းလင်းရာမှာ  မြို့ရိုးစင်တာကနေ ဘယ်ညာ ပေ ၁၅၀ နဲ့ မလွတ်တဲ့လူနေအိမ်နဲ့ ဈေးဆိုင်တွေဖျက်ပေးရမှာလို့သိရပါတယ်။

ပုဏ္ဏားစု၊ စင်္ကြာခြံ၊ ကျောက်ကျင်းစု စတဲ့ရပ်ကွက်တွေနဲ့ မုန်တိုင်းကျေးရွာက ကျုံးမြို့ရုံးနယ် နိမိတ်နဲ့မလွတ်တဲ့ လူနေအိမ် ၁၀၀၀ ဝန်းကျင်ဖယ်ပေးရမှာလို့ မြို့ခံတွေက ပြောပါတယ်။

အိမ်ဖျက်ပေးရမယ့်ပဲခူးမြို့ခံတယောက်က “ပုဏ္ဏားစုကုန်းပေါ်ပါတယ်၊ မုန်တိုင်းက ကျုံးရိုးဘေးက အိမ်တောက်လျှောက်ပါတယ်။ စင်္ကြာခြံဘက်ပါတယ်၊ ကျောက်ကျင်းစုဘက်ပါတယ်လို့ လည်းကြားတယ်။ အိမ်‌ခြေကများတယ်၊ ဒီဘက်ပုဏ္ဏားစုကုန်းမှာတင် အိမ်ခြေ ၄၆၀ လောက်ရှိတယ်။ ဟိုဘက်တွေလည်း ဖျက်ရမှာတွေများတယ်. လကုန်ပြီး ၁၅ ရက်နေ့ အပြီးဖယ်ရမယ်ပြောတယ်။ လျော်ကြေးကတော့မပေးဘူး။ အစ်မတို့ဖယ်ခဲ့တုန်းကလည်း တပြားမှမရဘူး အခုဖယ်တဲ့သူတွေလည်း မပေးဘူး ဘယ်သူမှ”လို့ ပြောပါတယ်။

မြို့ရိုးနယ်နိမိတ်နဲ့ မလွတ်တဲ့ ကျူးကျော်မြေတွေဟာ ရပ်ကျေးအုပ်ချုပ်ရေးတွေက အကွက်ရိုက်ရောင်းစားခဲ့တဲ့တာဖြစ်ပြီး တကယ်လို့ ကျူးကျော်နေအိမ်တွေအားလုံးကို ဖယ်ခိုင်းရင် ပဲခူးမြို့ရဲ့  ၅ ပုံ ၁ပုံက အဆောက်အအုံတွေ ဖျက်ပေးရမှာမယ်လို့ သိရပါတယ်။

မြေယာလျော်ကြေးလည်း မပေးတဲ့အတွက် အိမ်ဖျက်ရမယ့်သူ အများစုကတော့ ကျေးရွာတွေကို ပြန်အခြေချရမယ်လို့ လူမှုကွန်ယက်မှာ ရေးသားနေတာတွေ့ရပါတယ်။

မြို့ရိုးနယ်နိမိတ် ကျူးကျော်တွေမှာ အရင်စစ်အစိုးရလက်ထက်က ကျူးကျော်တွေနဲ့ အရပ်သားအစိုးရလက်ထက်မှာ ကျူးကျော်ခဲ့တဲ့ အသုပ် ၂ သုပ်ရှိပြီး အရပ်သား အစိုးရလက်ထက်က နေအိမ်တွေကို အရင်ဖယ်ခိုင်းနေတာလို့ ပဲခူးမြို့က ဌာနဆိုင်ရာဝန်ထမ်း တယောက်က ‌ပြောပါတယ်။

“မြို့ရိုးအစကနေ ကျူးကြတာကို အစကကျူးကျတဲ့အချိန်မှာ ဦးသိန်းစိန်လက်ထက်က ကျူးတွေက အရှေ့ခြမ်းပေါ့နော်၊ အရှေ့တန်းကနေပြီး သူတို့က မကျူးပါနဲ့ဆိုပြီး ငုတ်ရိုက်သွားတယ်၊ နောက်မရှိလို့ကျူးကြတယ်။ အမေစုလက်ထက်ကြတော့ ကျူးရင်းကျူးရင်းနဲ့ ကုန်းပေါ်ရောက်သွားတာကို အခုရှင်းတော့ကျတော့ တပြေးညီတည်း ရှင်းတာမဟုတ်ဘူး။ အဲ့ဒီမြို့ရိုးအစပ်မှာရှိတဲ့အိမ်တွေရယ်၊ စီးပွားရေးလုပ်နေတဲ့ ဆိုင်ခန်းတွေရယ်က မပါဘူး။ အဲ့နောက်က အမေစုလက်ထက်မှာကျူးတဲ့ဟာတွေ အကုန်လုံးကို နှိပ်ကွပ်တဲ့သဘောလို့ အစ်ကိုကမြင်တယ်။ စစ်တပ်ကတော့ စစ်တပ်ပုံစံအတိုင်းလုပ်တယ်လို့ပဲ ပြောချင်တယ်။ ဒါပေမဲ့ အခုကတော့ ပဲခူးမြို့မှာ ပြည်သူဦးရေ ၄ သိန်း ၅ သိန်းနီးပါးရှိတယ်၊ အဲ့ထဲက ၅ ပုံပုံရင် တပုံနီးပါးကတော့ တော်တော်လေး ဒုက္ခရောက်သွားပြီ။”

ပဲခူးမြို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ညွှန်ကြားမှုဦးစီးဌာနရဲ့ နယ်နိမိတ်သတ်မှတ်ချက်အရဆိုရင် ပဲခူးမြို့မရဲစခန်း၊ Icon ဈေးဝယ်စင်တာနဲ့ အမှတ် ၃ အထက်တန်းကျောင်းဝင်းတွေဟာလည်း ရှေးဟောင်းနယ်နိမိတ်ထဲပါနေတယ်လို့ ပဲခူးမြို့ခံတွေက ပြောကြပါတယ်။ 

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013