
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖဒို့မြို့၊ ဆေးရိုးခင်ကျေးရွာမှာ ဇူလိုင် ၂၄ ရက် ညနေက လေဆင်နှာမောင်း တိုက်ခတ်တာကြောင့် အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“သစ်ပင်လဲပြီး အိမ်ကိုပိတာ။ ဆေးရုံပို့ချိန်တောင် မရလိုက်ဘူး။ အရင်နေ့တွေက အဲ့လောက်မဟုတ်ဘူး။ ဒီနေ့မှ မိုးကလည်း တနေကုန်ရွာနေတော့ အပြင်မထွက်ကြဘူး။ မိုးကစဲသွားလည်းခဏနဲ့၊ ပြီးရင်ပြန်ရွာတော့ ကလေးတွေကိုတောင် ကျောင်းပေးမသွားကြဘူး။ လေက ရွာမှာ တိုက်ပြီးတော့မှ ဘေးက ၁၄ ရွာဘက်ကိုလွင့်သွားပြီး ၁၄ ရွာမရောက်ခင် သင်္ချိုင်းမှာလည်း ဝင်တိုက်သွားတယ်။”
လေဆင်နှာမောင်းကြောင့် ဆေးရိုးခင်ကျေးရွာအတွင်းမှာလည်း အိမ် ၁၄ အိမ်နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
“ပျက်သွားတဲ့အိမ်တွေက လက်လုပ်လက်စားတွေရဲ့ အိမ်တွေလေ။ မိုးတွင်းလည်းဖြစ်နေတော့ ချက်ချင်းလည်း ဘယ်လိုပြန်ဆောက်နိုင်မှာလဲ။ ဒီလိုပဲ ဘေးအိမ်တွေကနေ အချင်းချင်းကူညီပြီး ခေါ်ထားရတာပေါ့။ မိုးက အခုချိန်ထိလည်း မတိတ်သေးဘူး။ ဒီထက်မိုးများများ ရွာရင်လည်း ရွာက ရေတက်တယ်။”
ပဲခူးတိုင်းအနောက်ခြမ်း သုံးဆယ်မြို့မှာလည်း ဇူလိုင် ၂၅ ရက် မနက်က လေဆင်နှာမောင်း တိုက်ခတ်တာကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မွန်ပြည်နယ် ပေါင်မြို့နဲ့ သထုံမြို့နယ်မှာလည်း ဇူလိုင် ၂၄ ရက်နေ့က လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ် ၁၀၀ ထက်မနည်း ထိခိုက်ပျက်ဆီးခဲ့ပြီး အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။