ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က အလုံးစုံ ပြန်လည်ထိန်းချုပ်ပြီးနောက် တော်လှန်ရေးအင်အားစုတွေကို ထောက်ခံအားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဒေသခံတွေရဲ့နေအိမ် ၁၀ လုံးထက်မနည်း ချိပ်ပိတ်သိမ်းဆည်း လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းတာအပြင် ဖမ်းဆီးနှိပ်စက်တာတွေပါ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကို အားပေးထောက်ခံသူတချို့က သတင်းပေး တိုင်ကြားတာကြောင့် နေအိမ်ချိပ်ပိတ် သိမ်းဆည်းတာတွေကို ပိုလုပ်လာတယ်လို့ အမည်မဖော်လိုတဲ့ နောင်ချိုဒေသခံတယောက်က ပြောပါတယ်။
“TNLA၊ PDF ကို ထောက်ပံ့တယ်ဆိုပြီး ငြိုးတာပေါ့။ နေအိမ်တွေကို ချိပ်ပိတ်တာအပြင် အိမ်စောင့်တွေပါ ဖမ်းဆီးနှိပ်စက် စစ်ဆေးတာတွေ ပိုများလာတယ်။ ဆိုတော့ ဒေသခံတော်တော်များများက ပြန်လည်းထွက်မရတော့ ပုန်းရှောင်နေကြရတယ်။ သူတို့ပြန်ထိန်းချုပ်တဲ့ ဇူလိုင်လ ၁၆ ရက်ကနေ ၂၉ ရက်အထိ ချိတ်ပိတ်နေတာ ၁၀ လုံးရှိပြီ။”
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း TNLA နဲ့ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ပြန်လည် သိမ်းယူလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီကို အားပေးထောက်ခံနေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ အပြစ်မဲ့ပြည်သူတွတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့သူတွေ၊ တော်လှန်ရေး အင်အားစုတွေကို အားပေးထောက်ခံသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်သိမ်းဆည်းလိုက်တယ်လို့ ရေးသားဖော်ပြကြပါတယ်။
ဒေသခံတွေကတော့ သိမ်းဆည်းခံရတဲ့ နေအိမ်တွေဟာ လက်လုပ်လက်စားသမားတွေဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ အားပေးဆက်နွှယ်နေတာမျိုး မရှိဘူးလို့ DVB ကို ပြောပါတယ်။
ဒေသခံတွေရဲ့ နေအိမ်တွေ သိမ်းဆည်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို DVB ကဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။