Home
မြန်မာသတင်း
စစ်ကောင်စီတပ်က နောင်ချိုတွင် အခိုင်အမာ ခံစစ်ပြင်၊ ဆမ္မဆည်ဘက်၌ တိုက်ပွဲပြင်းထန်
DVB
·
July 22, 2025

စစ်ကောင်စီတပ်က နောင်ချိုမြို့မှာ အခိုင်အမာ ခံစစ်ပြန်ပြင်ပြီး TNLA ထိန်းချုပ်ထားတဲ့ ကျန်တဲ့မြို့နယ်တွေကိုလည်း ထိုးစစ်ဆက်ဆင်ဖို့ ပြင်ဆင်နေကာ  ဆမ္မဆည်ဘက်မှာလည်း တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့  စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းထားတဲ့ ရှမ်းမြောက်က နောင်ချိုကို စစ်ကောင်စီက ပြန်သိမ်းနိုင်ခဲ့ပြီးတဲ့နောက် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင် သွားရောက်ခဲ့သလိုမျိုး အုပ်ချုပ်ရေးယန္တရား ပြန်ပြီးလည်ပတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက နောင်ချိုမှာ ခံစစ်ကို အခိုင်အမာ ပြန်တည်ဆောက်နေပြီး TNLA သိမ်းပိုက်ထားတဲ့ ကျန်မြို့နယ်တွေကို ထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အထူးသဖြင့် ကျောက်မဲနဲ့ မိုးကုတ်ကို ဆက်ပြီး ထိုးစစ်ဆင်ဖို့ ရှိနေတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတယောက်ဖြစ်တဲ့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

လက်ရှိမှာတော့ နောင်ချိုမြို့နယ်ထဲက ဆမ္မဆည်ဘက်မှာ တိုက်ပွဲက ဆက်ပြီးပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

“ဆမ္မဆည်ဘက်မှာတော့ သူတို့စစ်ကြောင်းတကြောင်း ရှိနေတယ်။ အဲဒီမှာတော့ တိုက်ပွဲက ဆက်ရှိနေတယ်။ ခုလည်း ရှိနေတုန်းပဲ။ ကျန်တဲ့နေရာတွေမှာတော့ သူတို့ လေကြောင်းကနေ ဗုံးကြဲနေတာရှိတယ်။ ဒီလောက်ပါပဲ။”

ဆမ္မဆည်ဘက်က စစ်ကြောင်းဟာ မိုးကုတ်ကို ဦးတည်နေတာဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

နောင်ချိုဟာ စီးပွားရေးအရ အရေးပါသလို ရှမ်းမြောက်ကို ဝင်ဖို့အတွက် တံခါးပေါက်လည်း ဖြစ်တာကြောင့် TNLA ထိန်းချုပ်ထားတဲ့ တခြားမြို့နယ်တွေအတွက်လည်း စိန်ခေါ်မှုရှိနေပါတယ်။

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013