
နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း ပထမဆုံးလုပ်ငန်းစဥ် အနေနဲ့ အခြေခံပညာကျောင်းတွေ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။
စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို တနှစ်နီးပါး လက်လွှတ်ခဲ့ရပြီး အခုနှစ် ဇူလိုင်လအတွင်းမှာ ပြန်လည်ရရှိထားတာပါ။
ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းအနေနဲ့ နောင်ချိုကို ပြန်လည်ရရှိပြီး ရက်ပိုင်းအတွင်း နောင်ချိုမြို့ကို သွားရောက်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မြို့ခံတချို့ကို တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ဒီလိုတွေ့ဆုံရာမှာ ကျောင်းတွေ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဇူလိုင် ၂၂ ရက်ကစပြီး ကျောင်းအပ်လက်ခံနိုင်ရေး စီစဥ်ထားပြီးဖြစ်သလို မိဘတွေအနေနဲ့လည်း ကလေးတွေကို စာသင်ကျောင်းတွေဆီ လွှတ်ပေးစေလိုတယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် အခုနှစ် ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲပေးခွင့်ရှိသူတိုင်း ပါဝင်မဲပေးနိုင်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေနဲ့ အိမ်ထောင်စုစာရင်းတွေကို အမြန်ဆုံး ပြုလုပ်ပေးသွားမယ်လို့လည်း ပြောပါတယ်။