
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က စစ်မှုထမ်းထောက်ပံ့ကြေးကို အဆမတန် ထပ်မံတိုးမြှင့် ကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဘိုကလေးမြို့နယ်၊ ဟေမာန်ညီနောင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဝင်းကြည်စိုး၊ ရာအိမ်မှူး ဟန်ကြီးနဲ့ မောင်မြင့်တို့က စစ်မှုထမ်းထောက်ပံ့ကြေးလို့ ခေါင်းစဉ်တပ်ပြီး အရင် တအိမ် ကျပ် ၄၀,၀၀၀ ကောက်ယူနေရာက ဖေဖော်ဝါရီလ ပထမအပတ်က စတင်ကာ တအိမ်ကို ငွေကျပ် ၁၂၀,၀၀၀ နှုန်းအထိ တိုးမြှင့်ကောက်နေတာလို့ သိရပါတယ်။
ကျေးရွာဒေသခံတယောက်က “မဖြစ်မနေကို ထည့်ခိုင်းတာ။ ထောက်ပံ့ကြေးဆိုပြီး ကောက်တာပဲ။ အဲဒီ အုပ်ချုပ်ရေးမှူးက ရွာကပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးနေတာ။ အခုက ငွေကို ထပ်တိုးကောက်တာ။ ကောက်တဲ့ငွေပေးမလား၊ လာမဲ့အသုတ်မှာ စစ်မှုထမ်းမလားလို့ မေးပြီး ငွေကောက်နေတာ။ ထည့်ရတဲ့သူများတယ်” လို့ ပြောပါတယ်။
တအိမ် ကျပ် ၁၂၀,၀၀၀ အထိ စစ်မှုထမ်းထောက်ပံ့ကြေး တိုးမြှင့်ကောက်ယူနေတဲ့ စစ်ကောင်စီခန့် ဘိုကလေးမြို့နယ်၊ ဟေမာန်ညီနောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းကြည်စိုးရဲ့ အပိုင်မှာ အိမ်ခြေ ၈၀၀ ဝန်းကျင်အထိ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “အနုကြမ်းစီးတာက သက်သာဦးမယ်။ အုပ်ကြီးနဲ့အဖွဲ့က စစ်မှုမထမ်းချင်ရင် ငွေထည့်လို့ ပြောကောက်တာ။ မင်းတို့အားကိုးတဲ့ PDF တွေ ဧရာဝတီတိုင်းမှာ မရှိတော့ဘူး သေကုန်ပြီ၊ စစ်မှုထမ်းကြေး ကောင်းကောင်းထည့်ကြလို့ ပြောတာ” လို့ ပြောပါတယ်။
အဲဒီ ဘိုကလေးမြို့နယ်ထဲက ဟေမာန်ညီနောင်ကျေးရွာအုပ်စုမှာ နေအိမ်တွေမှာရှိတဲ့ စစ်မှုထမ်းအရွယ် မရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ မုဆိုးမအိမ်တွေလည်း ငွေကောက်ယူသလို စစ်မှုထမ်းအရွယ်ရှိတဲ့ အိမ်တွေကိုလည်း လူငယ်အယောက်ရေ ရှိသလောက် ငွေကောက်နေတာလို့ သိရပါတယ်။
ဒါ့အပြင် ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ ပုံစံအမျိုးမျိုးနဲ့ ဖိအားပေး ငွေညှစ်နေတာတွေ ရှိတဲ့အတွက် တနေ့လုပ် တနေ့စား အခြေခံမိသားစုတွေအဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။


