Home
မြန်မာသတင်း
စစ်မှုထမ်းအပတ်စဥ် ၁၈ ပြီးချိန် စစ်မှုထမ်းရသူ ၂ သိန်းနီးပါးရှိလာ
DVB
·
January 24, 2026

စစ်ကောင်စီက ပြည်နယ်နဲ့တိုင်းအသီးသီးမှာ စစ်မှုထမ်းအပတ်စဥ် ၁၈ ကို ဇန်နဝါရီ ၂၃ ရက်မှာ သင်တန်းဆင်းခဲ့ပြီး ဒီကနေ့ထိ စစ်မှုထမ်းရသူဦးရေ ၂ သိန်းနီးပါး ရှိလာတယ်လို့ သင်တန်းကျောင်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်မှုထမ်းအပတ်စဥ် ၂၃ ကို အာရက္ခတပ်တော် သိမ်းထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလွဲရင် ကျန်တဲ့ တိုင်းစစ်ဌာနချုပ် ၁၃ ခုရှိ စစ်သင်တန်းကျောင်း နဲ့ နယ်မြေခံတပ် ၂၈ ခုမှာ ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းတပ်သားသစ် ၁ သောင်းကျော်ရှိတယ်လို့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“သင်တန်းတခုမှာ တပ်သားသစ် ၄၉၀ နဲ့ ၅၀၂ ကြား လက်ခံတာ။ သင်တန်းကျောင်း ၂၇ ခုဆို တွက် ကြည့်လို့ရတယ်။ ရန်ကုန်မှာ ၄ ကျောင်းရှိတယ်၊ အပတ်စဥ်တခုကို သင်တန်းသား ၂,၀၀၀ နီးပါး သင်တန်းဆင်းတယ်။ ရန်ကုန်မှာတင် အပတ်စဥ် ၁၈ အထိ သင်တန်းဆင်းပြီးတဲ့ တပ်သားသစ် ၃၅,၀၀၀ ခွဲရှိတယ်။” 

ပစ လို့ခေါ်တဲ့ စစ်မှုထမ်းတပ်သားသစ်တွေရဲ့ ကိုယ်ပိုင်နံပါတ်ကို ပစ ၀၀၀၀၀၁ ကနေ စတင်ခဲ့ရာ အပတ်စဥ် ၁၆ မှာ ၁၇၀,၀၀၀ အထိရှိခဲ့ပြီး အပတ်စဥ်သင်တန်းဆင်းချိန်မှာ ပစကိုယ်ပိုင်နံပါတ်မှာ ၁၈၁,၀၀၀ က စတင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“စစ်ကောင်စီလက်အောက်ခံတပ်တွေဆို ကိုယ်ပိုင်နံပါတ်ကို တ နဲ့ စတယ်၊ စစ်မှုထမ်းတွေကျတော့ ပစ နဲ့သွားတာ၊ စစ်မှုထမ်းရတဲ့ဦးရေ ၂ သိန်းနီးပါးရှိပြီလို့ ဘာလို့ပြောနိုင်လဲဆိုတော့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရတဲ့ ပစ တွေက အပတ်စဥ် ၁၅ နဲ့ ၁၆ က သူတို့ကိုယ်ပိုင်နံပါတ်တွေက ၁ သိန်းခွဲကျော် ၁ သိန်းခြောက်သောင်းကျော် နဲ့ စတယ်။ ပစ တွေရဲ့ ကိုယ်ပိုင်နံပါတ်တွေကြည့်ရင် စစ်မှုထမ်းဦးရေကို သိနိုင်တယ်။” 

စစ်မှုအင်အားများလာတာနဲ့အမျှ စစ်မှုထမ်း အပတ်စဥ်တွေထဲမှာ တီဘီရောဂါဖြစ်နေသူ၊ ဆီးချိုရောဂါ၊ ဂေါက်ရောဂါနဲ့ လိပ်ခေါင်းဖြစ်နေသူတွေကို နေအိမ်ပြန်ဆေးကုသဖို့ လမ်းစရိတ် ၂ သိန်းပေးပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်‌က အိမ်ပြန်ခိုင်းပေမဲ့ ထွက်ခွင့်ပေးသူဟာ ရာဂရာဂဏန်းမျှသာရှိတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ဇန်နဝါရီ ၁၉ ရက်က စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် ၂၁ ကို ပြည်နယ်နဲ့တိုင်း ၁၃ ခုက စစ်သင်တန်းကျောင်းနဲ့ နယ်မြေခံတပ်ရင်း ၂၈ ခုမှ ပြုလုပ်ခဲ့ပြီး တြိဂံတိုင်းနဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွေမှာ သင်တန်းကျောင်း ၂ ကျောင်း ထပ်တိုးဖွင့်ခဲ့ပါတယ်။

စစ်မှုထမ်းစတင်ခေါ်ယူစဥ်က အပတ်စဥ်တခုကို စစ်မှုထမ်းဦးရေ တလ ၅,၀၀၀ ဝန်းကျင်သာ ခေါ်ယူမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပေမဲ့ လက်တွေ့မြေပြင်မှာ အပတ်စဥ်တခုကို စစ်မှုထမ်းဦးရေ ၅,၀၀၀ နဲ့အထက်မှာ သင်တန်းပေးနေတာပါ။

၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီက တပ်စခန်းတွေ သိမ်းဆည်းခံရပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က လူတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ့် ဥပဒေကို စစ်ခေါင်းဆောင်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

၂၀၂၄ ခု မတ် ၂၈ ရက်က စစ်မှုထမ်းအပတ်စဥ် ၁ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်အခြေခံသင်တန်းကျောင်းနဲ့ တန်းမြင့် သင်တန်းကျောင်း ၁၄ ကျောင်းမှာ စတင်သင်တန်းပေးခဲ့ပါတယ်။

မတ် ၂၈ ကနေ စစ်မှုထမ်းအပတ်စဥ် ၁ ကို စစ်သင်တန်းကျောင်း ၁၄ ကျောင်း သင်တန်းပေးနေရာမှ သင်တန်းကျောင်းတွေ ထပ်မံတိုးချဲ့လာတာ အပတ်စဥ် ၂၁ ရောက်ချိန်မှာ သင်တန်းကျောင်း ၃၀ နီးပါးရှိလာပြီဖြစ်ပြီး စစ်မှုထမ်းရဦးရေမှာလည်း ၂ သိန်းကျော်လာပြီ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013