
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ အထက်ဝဲကြီးကျေးရွာမှာ စစ်မှုထမ်းနေရတဲ့ လူငယ်မိသားစုဝင်တယောက် ဆွဲကြိုးချ အဆုံးစီရင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆွဲကြိုးချ အဆုံးစီရင်သွားသူဟာ ပုသိမ်မြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ အထက်ဝဲကြီးကျေးရွာက ဦးဆော်တရား (ခ) ဦးလှခင် ဖြစ်ပြီး သမက်ဖြစ်တဲ့ မောင်ဘဝင်း က စစ်မှုထမ်းခေါ်ခံရပြီး အဆက်အသွယ်ပြတ်ကာ စိတ်ဖိစီးမှုကြောင့် ဇန်နဝါရီ ၁၉ ရက်က အဆုံးစီရင်သွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “သေဆုံးသူ ဦးလှခင်က သူ့သမီးရဲ့အမျိုးသား စစ်မှုထမ်း ပါသွားကတည်းက စိတ်ထဲအဆင်မပြေဖြစ်နေတာ။ ဘာလို့လဲဆိုတော့ တအိမ်လုံးက အားကိုးနေရတဲ့သူ စစ်မှုထမ်းပါသွားတာ။ စစ်မှုထမ်းပါသွားပေမဲ့ စစ်မှုထမ်းငွေကလည်း လစဉ် ထည့်နေရတာ။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုဆိုတော့ အခက်အခဲတွေ ရှိတာပေါ့” လို့ ပြောပါတယ်။
ဆွဲကြိုးချ အဆုံးစီရင်သွားတဲ့ ဦးလှခင်ရဲ့ သမက် မောင်ဘဝင်းဟာ စစ်မှုထမ်းအမှတ်စဉ် ၁ မှာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရပြီး အဆက်အသွယ် ပြတ်တောက်နေတာလို့ သိရပါတယ်။
သေဆုံးသူမိသားစုနဲ့ နီးစပ်သူတယောက်က “သေဆုံးသူကလည်း ကျန်ခဲ့တဲ့ သမီးနဲ့ မိသားစုကို ရှာဖွေကျွေးနေရတာ။ စစ်မှုထမ်းငွေကလည်း လစဉ် ၅၀,၀၀၀ ထက်မနည်း ထည့်နေရတာ။ မိသားစု စားဝတ်နေရေးနဲ့ စစ်မှုထမ်းပြဿနာကြောင့် အခုလိုလုပ်သွားတာ” လို့ ပြောပါတယ်။
လက်ရှိ စစ်မှုထမ်းမိသားစုဝင် ဦးခင်လှ ဆွဲကြိုးချ အဆုံးစီရင်သွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သေမှုသေခင်းဖွင့်ကာ အမှုပိတ်သိမ်းဖို့အတွက်ဆိုပြီး သေဆုံးသူမိသားစုတွေဆီကနေ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမင်းဇော်နဲ့ ရဲတပ်ဖွဲ့က ငွေကျပ် ၅ သိန်း တောင်းယူခဲ့သေးတယ်လို့ သိရပါတယ်။


