Home
မြန်မာသတင်း
မော်လိုက်တွင် ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်း ၁ ဦး လက်နက်နှင့် အလင်းဝင်
DVB
·
February 25, 2026
Photo: Mawlaik Revolution

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ တယောက်ဟာ ဖေဖော်ဝါရီ ၂၂ ရက်က လက်နက်နဲ့အတူ အလင်းဝင်ရောက် ပူးပေါင်းလာတယ်လို့ Mawlaik Revolution အဖွဲ့ဆီကနေ သိရပါတယ်။

Mawlaik Revolution အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ မော်လိုက်မြို့နယ်ထဲက ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဆွတ်နန်းရွာမှာ အထိုင်ချနေတဲ့အထဲမှာပါတဲ့ တပ်သားသစ်တယောက်က MA1 သေနတ်တလက်နဲ့အတူ အလင်းဝင်လာလို့ ဆုငွေသိန်း ၅၀ ချီးမြှင့်ပေးထားပြီး လက်ရှိမှာတော့ ကျနော်တို့ဆီမှာပဲ လွတ်လွတ်လပ်လပ် ထားထားပေးပြီးတော့ မိသားစုနဲ့အတူ ပြန်လည်ဆုံစည်းနိုင်ဖို့ ဆက်လက်ဆောင်ရွက်ပေးနေပါတယ်” လို့ DVB ကို ပြောပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်ရောက်လာသူဟာ ရန်ကုန်တိုင်းအတွင်းမှာ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၇ တက်ရောက်ခဲ့ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Mawlaik Revolution အဖွဲ့ တာဝန်ရှိသူက “သူက ကျနော်တို့ရဲ့ Mawlaik Revolution Facebook Page ကနေ အရင်ဆက်သွယ်လာပြီးမှ အလင်းဝင်လာတာပါ။ ရန်ကုန်မှာနေပြီးတော့ ကားမောင်းရင်းနဲ့ အင်းစိန်ဘက်မှာ မတရား ပေါ်တာဆွဲခံရသူပါ။ ကျနော်တို့ မော်လိုက်တော်လှန်ရေးအဖွဲ့ အနေနဲ့ကတော့ အခုလို အလင်းဝင်လာတဲ့အတွက် ဝမ်းသာပါတယ်။ နောက်ထပ် အလင်းဝင်လာမဲ့သူတွေကိုလည်း အမြဲကြိုဆိုနေပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေ အခြေပြု တပ်စွဲထားတဲ့ မော်လိုက်မြို့နယ်၊ ဆွတ်နန်းကျေးရွာအနီးက ဒေသအ‌ခေါ် ရန်ကင်းတောင် စခန်းကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် ယာယီဆုတ်ခွာပေးခဲ့ရတာကြောင့် ဒီဇင်ဘာ ၁၄ ရက်မှာတော့ တော်လှန်ရေးအင်အားစုတွေဘက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ကာ စခန်းကုန်းကို ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း အထိနာသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရန်ကင်းတောင်စခန်းကုန်း အနီးက ဆွတ်နန်းကျေးရွာထဲကို ထွက်ပြေးဝင်ရောက်သွားကြပြီး ဒီနေ့အချိန်အထိ အဆိုပါကျေးရွာ အတွင်းမှာ အထိုင်ချတပ်စွဲနေတာလို့လည်း မော်လိုက်အခြေစိုက် တော်လှန်ရေးအင်အားစုတွေ ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013