
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ဖွင့်လှစ်ထားတဲ့ တရားမဝင်ဂိတ်တွေ အားလုံးကို လာမဲ့ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထားပြီး ပိတ်သိမ်းကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ယင်းမာပင်ခရိုင် စစ်ဒေသကွပ်ကဲရေးရုံးက အမိန့်ထုတ်ပြန်ပါတယ်။
ခရိုင်အတွင်း နယ်မြေလုံခြုံရေးနဲ့ သန့်ရှင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အတွက် အခုလို အမိန့်ထုတ်ပြန်တာဖြစ်ပြီး သတ်မှတ်ရက်အတွင်း ပိတ်သိမ်းခြင်းမရှိပါက ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။
ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး စွမ်းသူမောင်က “ခရိုင်သန့်ရှင်းရေးနဲ့ လုံခြုံရေးကိစ္စတွေ ဆောင်ရွက်နေတာကြောင့် တရားမဝင်ဂိတ်တွေ ပိတ်သိမ်းခိုင်းရတာပါ။ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်းရမယ်။ မလိုက်နာရင်တော့ ထိထိရောက်ရောက် အရေးယူသွားမှာပါ” လို့ DVB ကို ပြောပါတယ်။
ယင်းမာပင်ခရိုင်မှာ ဖေဖော်ဝါရီ ၁၈ ရက်က BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ ရဲဘော် ၆ ယောက် စစ်ကောင်စီထံ လက်နက်ချဝင်ရောက်သွားပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အကြား မြေပြင်စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်ပါတယ်။
တရားမဝင်ဂိတ်တွေ ပိတ်သိမ်းမဲ့အပေါ် ပုလဲဒေသခံတယောက်က “တရားမဝင်ဂိတ်တွေ ပိတ်သိမ်းတာကို ကြိုဆိုပါတယ်။ အရင်ကဆိုရင် လမ်းပေါ်မှာ ဂိတ်တွေက အရမ်းများနေတာ။ အကောက်ခွန်ဂိတ်တွေ များတော့ ကုန်ဈေးနှုန်းတွေ တက်သလို သွားရေးလာရေးမှာလည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းရှိ တရားမဝင် ဂိတ်ပိတ်သိမ်းတာကို ကနီမြို့နယ်က ကနဦး စတင်ပိတ်သိမ်းခဲ့ပြီးနောက် အခုအခါ ရွှေဘိုခရိုင်နဲ့ ယင်းမာပင်ခရိုင်တို့မှာပါ ဆက်လက်ပိတ်သိမ်းလာတာကိုလည်း တွေ့ရပါတယ်။


