
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ စစ်တပ်အထိုင်ချနေထိုင်တဲ့ ညောင်ဇင်လေးရွာနဲ့ သင်ပေါင်းကျင်း ပျူရွာ ၂ ရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မတ် ၈ ရက် မနက် ၅ နာရီခွဲလောက်က စတင်ပြီး ဝင်ရောက်ကာ စခန်းသိမ်းတိုက်ပွဲလုပ်နေတယ်လို့ ဒေသခံတွေနဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ညောင်ဇင်လေးရွာနဲ့ သင်ပေါင်းကျင်းကျေးရွာ ဒေသခံတွေဟာ စစ်တပ်ကို ထောက်ခံတဲ့ ကျေးရွာတွေဖြစ်ပြီး စစ်တပ်က လက်နက်တပ်ဆင်ပေးထားကာ စစ်သား ၁၀၀ နီးပါး လုံခြုံရေးချ အခိုင်အမာ တပ်စွဲနေထိုင်နေတယ်လို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “ကန့်ဘလူမြို့နဲ့ ၁၀ မိုင်လောက်ပဲ ဝေးတာဗျ။ စစ်တပ်နဲ့ပေါင်းပြီး အနီးဝန်းကျင်က ကျေးရွာတွေကို ဝင်ရောက်အနိုင်ကျင့်ပြီး သူတို့လိုချင်တဲ့ ပစ္စည်းတွေကို ကားနဲ့ တိုက်သယ်တယ်။ ပြီးတော့ ရွာတွေကို မီးရှို့ထားခဲ့တာတွေ လုပ်ကြတယ်ဗျ။ ညောင်ဇင်ကြီးရွာဆိုရင် သူတို့အထိုင်စခန်းဖြစ်တဲ့ ညောင်ဇင်လေးရွာနဲ့ တမိုင်သာသာလေး ဝေးတာ။ အဲရွာဆိုရင် သူတို့ မီးရှို့ဖျက်ဆီးလို့ ရွာက မီးလာင်ပြင်ကြီးကို ဖြစ်နေပြီ။ အခုလို စခန်းသိမ်းတိုက်ပွဲပြုလုပ်တော့ အနီးဝန်းကျင်က ရွာတွေက ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေရတာပေါ့ဗျာ။ ကျနော်တို့ကတော့ စခန်းသိမ်းတိုက်ပွဲ လုပ်နေတာကို အားပေးထောက်ခံတယ်။ ဒါမို့ဆိုရင် ဒီကောင်တွေရဲ့ရန်ကို ကြောက်နေကြရတာ” လို့ ပြောပါတယ်။
ညောင်ဇင်လေးရွာဟာ အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ကျေးရွာဖြစ်သလို သင်ပေါင်းကျင်းရွာကတော့ အိမ်ခြေ ၁၀၀ နီးပါးခန့်ရှိတဲ့ ကျေးရွာတွေဖြစ်ပြီး အဆိုပါကျေးရွာ ၂ ရွာဟာ တမိုင်လောက်သာ ကွာဝေးပါတယ်။
မြေပြင်ထောက်ပို့ ရဲဘော်တယောက်က “ညောင်ဇင်လေးရွာ ပျူစခန်းကို တိုက်နေတာ ဟုတ်ပါတယ်ဗျ။ အခြေအနေ အသေးစိတ်ကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
မြေပြင်တိုက်ပွဲဝင် တိုက်ခိုက်နေတဲ့ စစ်ရေးသတင်းရင်းမြစ်က “စစ်ရေးသတင်းဆိုတော့ တိုက်ပွဲဖြစ်တာပဲ အတည်ပြုပေးလို့ရမယ်ဗျ။ အသေးစိတ်ကတော့ ကျနော်တို့ NUG နဲ့ MOD ရဲ့ စစ်ဒေသကပဲ ထုတ်ပြန်လာပါလိမ့်မယ်” လို့ ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် သရက်ခေါင်း၊ ညောင်ဇင်ကြီး၊ မင်းကုန်း၊ ဘိုတဲကုန်း၊ ဆူးပုတ်ကုန်း၊ ဘိုကုန်း၊ သပြေသာ၊ ပေလည်စတဲ့ ကျေးရွာတွေက ပြည်သူတွေ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပါတယ်။


