Home
ဆောင်းပါး
သိပ္ပံမောင်ဝရဲ့ အညာဘုရားပွဲနှင့် ပျူစောထီးခေါင်းဆောင် ဦးစရဲ့ အလောင်း
DVB
·
March 7, 2026
Design: AI

အခုတလော စလင်းမြို့ ဝန်းကျင်မှာ တော်လှန်သူတို့ရဲ့ တိုက်ပွဲသတင်းတွေ ခပ်စိပ်စိပ် ကြားလာရတဲ့အခါ စလင်းမြို့လေးအကြောင်း စိတ်က အမြဲရောက်နေပြန်ပါတယ်။ 

၂၀၁၆ ခုနှစ်တုန်းက နှစ် ၄၀ ကျော်ကင်းကွာပြီး ပြန်မရောက်ခဲ့တဲ့ စလင်းမြို့ကို ခဏတခေါက်ပြန်ရောက်ခဲ့ပါတယ်။ စလင်းမြို့က ရဟန်းစာရေးဆရာ ဆရာတော် ဦးစန္ဒိမာ ကျောင်းမှာ သုံးလေးရက် တည်းခိုပါတယ်။ ကျနော် ရောက်သွားတဲ့အချိန်က  စလင်းမြို့ရဲ့ နာမည်ကျော် ကုသိနာရုံ ဘုရားပွဲ ကျင်းပနေတဲ့အချိန်ပါ။ ကုသိနာရုံ ဘုရားပွဲဆိုတာ ခေတ်စမ်းစာရေးဆရာ သိပ္ပံမောင်ဝရဲ့ အညာဘုရားပွဲဆောင်းပါးထဲက “အညာဘုရားပွဲ” ဆိုတာ အဲဒီ ကုသိနာရုံ ဘုရားပွဲကိုပြောတာပါ။

ကျနော်ကတော့ စလင်းမြို့နဲ့ နှစ် ၄၀ ကျော်ခြားပြီးမှ ပြန်ရောက်လာရတာမို့ ငယ်သူငယ်ချင်း ခင်မောင်ကြီးနဲ့ တွေ့ချင်တာရယ်၊ ဗျိုင်းကြီးဗျိုင်းကလေး လမ်းတွေကို သွားကြည့်ချင်တာရယ်၊ သိပ္ပံမောင်ဝ နေခဲ့ဖူးတဲ့အိမ်နဲ့ ရုပ်စုံကျောင်းကြီးဆီသွားဖို့ကိုပဲ စိတ်ထဲ အစီအစဉ် ဆွဲနေခဲ့ပါတယ်။ ဒီအစီအစဉ်တွေကလည်း တကယ်တော့ ငယ်သူငယ်ချင်း ခင်မောင်ကြီးနဲ့ အရင်တွေ့ပြီးမှ သူ့အကူအညီနဲ့ သွားရလာရမယ့် သဘောပါ။

ဗျိုင်းကြီးဗျိုင်းလေးလမ်း ဆိုတာက ပေါင်းပဇင်းရပ်ကွက်ထဲက လမ်းနှစ်ခုကို ပြောတာပါ။ ကိုလိုနီခေတ်က အင်္ဂလိပ်ကို လက်နက်ကိုင်ပြီး တော်လှန်ကြတဲ့ မျိုးချစ်သူပုန် ညီအစ်ကို နှစ်ယောက်ပါ။ သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ လမ်းနာမည်တွေ ပေးထားတာပါ။ ပြီးတော့ ဒီတခေါက် အချိန်ရမယ်ဆိုရင် ဘုရင်တွေလက်ထက်က သူကောင်းပြုခြင်းခံရတဲ့ သူကောင်းမျိုးတွေ နေထိုင်ခဲ့တဲ့ တိုက်တွေနဲ့ မြို့ပြင်ဘက်က သူတောင်းစားရွာ သို့မဟုတ် ကယ်ပါရွာ ဆိုတာကိုလည်း သွားကြည့်ချင်ပါသေးတယ်။

ငယ်သူငယ်ချင်း ခင်မောင်ကြီးကို စလင်း နိုင်ငံရေးအသိုက်အဝန်းမှာ လူတိုင်း သိကြပါတယ်။ သူက စစ်အစိုးရဆန့်ကျင်ရေး မြေအောက်လုပ်ငန်းတွေလုပ်ခဲ့လို့ ဆိုပြီး ထောင်နှစ်ကြိမ် ကျခံခဲ့ရသူပါ။

ခင်မောင်ကြီးနဲ့တွေ့ဖို့ ဆရာတော် ဦးစန္ဒိမာက လူတယောက်ကို လွှတ်ပြီး ခေါ်ခိုင်းခဲ့တာပါ။ ဆရာတော်ရဲ့ ကျောင်းအောက်က ကွပ်ပျစ်ကြီးပေါ်မှာပဲ ကျနော်တို့သူငယ်ချင်းနှစ်ယောက် စကားပြောကြ သွားရေးလာရေး အစီအစဉ်ဆွဲကြတာပါ။

သူငယ်ချင်းခင်မောင်ကြီးနဲ့ ထိုင်ပြီးစကားပြောနေတုန်း ဆရာတော်ရဲ့ကျောင်းနဲ့ ကုသိနာရုံ ဘုရားပွဲဈေးခင်းက နီးတော့ Song Box နဲ့ဖွင့်တဲ့ မနောရဲ့ ဗိုလ်အောင်ဒင်သီချင်းကို ခပ်သဲ့သဲ့ ကြားနေရပါတယ်။

နွေခေါင်ခေါင်ဖြစ်တာမို့ လေပူတချက်တချက် တိုက်ပါတယ်။ ဘုန်းတော်ကြီးကျောင်းအောက်မှာမို့ နေရထိုင်ရတာ အဆင်ပြေ အေးချမ်းသလို ရှိပါတယ်။ ပထမတော့ ကျနော်တို့ သူငယ်ချင်းနှစ်ယောက် လက်ရှိ ကျနော်တို့ရဲ့ ဘဝအခြေအနေကို အပြန်အလှန် ပြောပြကြပါတယ်။ နောက်တော့မှ ဟိုတစသည်တစ စကားစတည်ရင်းက ငယ်ဘဝတွေဆီ ပြန်ရောက်ကြရပါတယ်။ ငယ်ဘဝ ရှေးဟောင်းနှောင်းဖြစ်တွေ ညနေ နေစောင်းတဲ့အထိ ပြောကြပါတယ်။ အထူးသဖြင့် ခင်မောင်ကြီးက ကျနော် သိချင်၊ ပြောချင်တာတွေကို သူ မှတ်မိသလောက် ဖြည့်ပြောနေတာ များခဲ့ပါတယ်။

ဒီတော့လည်း သူနဲ့ ကျနော် ငယ်စဉ်က စလင်းမြို့ စစ်တပ်ဂိတ်ရှေ့ မိဘတွေ မသိအောင် သွားခဲ့ကြတာက စပြောကြပါတယ်။ အသက် ဆယ်နှစ်တောင် မပြည့်သေးတဲ့အရွယ် ဖြစ်ပေမဲ့ အဲဒီတုန်းက အဖြစ်အပျက်တွေက ကျနော်တို့ စိတ်ထဲ စွဲထင်နေတုန်းပါ။

အဲဒီတုန်းက စလင်းမြို့ကလေးကို ရောင်စုံသူပုန်တွေ ဝင်စီးခံရတဲ့အကြောင်း တညလုံး မီးကျည်တွေ တဝင်းဝင်း၊ မြင်းခွာသံတွေ တဖြောင်းဖြောင်း၊ သေနတ်သံတွေ ဆူညံနေတုန်း ကျနော်တို့က အိမ်လှေကားအောက်က ပုန်းခိုကျင်းထဲ မိဘတွေနဲ့အတူ ဝင်ပုန်းခဲ့ကြရတာတွေ နောက်နေ့မနက်ကျတော့ ကျနော်တို့အိမ်ရှေ့ ညောင်ပင်မှာ လူ့သွေးတွေ စွန်းပေနေတဲ့အကြောင်း သူ့ထက်ငါ တလှည့်စီ စားမြုံ့ပြန်ကြပါတယ်။

အထူးသဖြင့် နောက်ထပ် နှစ်ရက်လောက်ရှိတော့ စစ်တပ်ထိပ်က အစောင့်ဂိတ်ဘေး သစ်ပင်ကိုင်းမှာ လမ်းသွားလမ်းလာတွေ မြင်အောင် သူပုန်ခေါင်းဆောင်ရဲ့ ခေါင်းပြတ်ကြီး ဆွဲချိတ်ထားတဲ့အကြောင်း၊ ကျနော်တို့နှစ်ယောက်က မိဘတွေမသိအောင် စစ်တပ်ဂိတ်က ဖြတ်လျှောက်ပြီး ချိတ်ထားတဲ့ သူပုန်ခေါင်းပြတ်ကြီးကို သွားကြည့်ကြတဲ့အကြောင်း ပြန်ပြောင်းအောက်မေ့ခဲ့ကြပါတယ်။

ဒီတုန်းက စလင်းမြို့နဲ့ အတန်ငယ်ဝေးတဲ့ စလင်းမြို့နယ်ထဲက စေတုတ္တရာမြို့ကလေး အလံနီသူပုန်တွေ လက်ထဲက အာဏာရအစိုးရက ပြန်တိုက်ယူလို့ ရခဲ့တာကိုလည်း ပြောကြပါတယ်။  စေတုတ္တရာမြို့ဟာ ၁၉၄၈ တတိုင်းပြည်လုံး လွတ်လပ်ရေးရခဲ့ပေမဲ့ သူကတော့ ၁၉၅၅ ခုနှစ်ကျမှ အစိုးရက အလံနီတွေလက်ထဲက တိုက်ယူခဲ့တာမို့ စေတုတ္တရာမြို့ဟာ လွတ်လပ်ရေးကို ၇ နှစ် နောက်ကျပြီးမှ ရခဲ့တာလို့ လူကြီးတွေပြောတာ ကြားခဲ့ဖူးပါတယ်။ အဲဒီအချိန်က စလင်းဈေးက ငါးရက်တဈေးပါ။ ကျနော်တို့နှစ်ယောက် တကူးတက ပြောဖြစ်တာကတော့ ငါးရက်တဈေးနေ့ ဆိုရင် တောင်ပေါ်က ဆင်းလာပြီး ဈေးဝယ်ကြတဲ့ မျက်နှာတခုလုံး ပါးရဲထိုး  ချင်းအမျိုးသမီးကြီးတွေအကြောင်းလည်း မပါမပြီးပေါ့လေ။

နောက်ပြီးတော့ ထိုစဉ်က နာမည်ကြီးလှတဲ့ အစိုးရခါးပိုက်ဆောင်တပ် ပျူစောထီးခေါင်းဆောင် ဦးစကို သူပုန်တွေက ဖမ်းမိသွားတဲ့အကြောင်း သူပုန်တွေက ဦးစ ခေါင်းကိုဖြတ်ပြီး လင်းဇင်းဆည်တံခါးမှာ “ငစလို မဖြစ်ချင်ကြနဲ့” လို့ စာရေးပြီး ချိတ်ထားကြတဲ့အကြောင်း။ ပျူစောထီးခေါင်းဆောင် ဦးစက ဖဆပလအစိုးရရဲ့ ခါးပိုက်ဆောင်တပ် နယ်မြေခေါင်းဆောင်ပါ။ နယ်လူထုအပေါ် ရက်ရက်စက်စက် အနိုင်ကျင့်တတ်တဲ့ လက်နက်ကိုင်တပ်ပါ။ သူတို့ကို ဖဆပလအစိုးရက အခွင့်အရေးပေးထားတော့ ပျူစောထီးတွေက လက်ရဲဇက်ရဲ သတ်ကြဖြတ်ကြတော့ လူထုက စစ်တပ်ထက်တောင်မှ ပျူစောထီးတွေကို ပိုကြောက်ကြရပါတယ်။ ကျနော် မှတ်မိသလောက်ဆိုရင် ဟိုတုန်းက စလင်းမြို့နယ်ထဲက စေတုတ္တရာမြို့ဆိုတာ ကားလမ်း မပေါက်သေးပါဘူး။ တောင်ပေါ် ချင်းမြို့ပါ။ ခြေလျင် လားဝန်တင်တွေနဲ့ သွားရတဲ့မြို့ပါ။ အဲဒီမြို့က ဖဆပလ အစိုးရဝန်ထမ်းတွေရဲ့လစာကို စစ်တပ်က မသွားရဲဘဲ အဲဒီ ဦးစရဲ့ ပျူစောထီးတပ်ကပဲ  လစဉ်ပို့ကြရတာလို့ ဆိုပါတယ်။ ဒါကြောင့်မို့ ထင်ပါတယ်။ နယ်မြေလူထုအပေါ် ဗိုလ်ကျနေတဲ့ ဦးစကို တော်လှန်သူပုန်တွေက ဖမ်းမိပြီး သတ်တော့ ဖဆပလအစိုးရက ဦးစကို သူရဘွဲ့တောင် ပေးခဲ့တာပါ။ သူ့အသုဘအခမ်းအနားမှာ ချောက်မြို့က ဘင်ခရာတီးဝိုင်းခေါ်ပြီး ဝန်ထမ်းတွေနဲ့ မြို့လူထုကို လိုက်ပို့ခိုင်းတာ မှတ်မိနေပါသေးတယ်။

ကျနော် မှတ်မိသလောက်ဆိုရင် အဲဒီတုန်းက စလင်းမြို့ကို ရောင်စုံသူပုန်တွေ ဝင်စီးတာ  နှစ်ကြိမ်ပါ။ နှစ်ကြိမ်စလုံး နယ်မြေတခုလုံး ဟိုးဟိုးကျော်ခဲ့ပေမဲ့ နှစ်ကြိမ်စလုံး တော်လှန်ရေးသူပုန်တွေက မြို့ကို မသိမ်းနိုင်ခဲ့ပါဘူး။ မိုးမလင်းခင် တောဘက်ကို ပြန်ဆုတ်သွားကြရတာချည်းပါပဲ။ နောက်နှစ်ရက် ကျနော်တို့တတွေ ကျောင်းတက်သွားလို့ ရဲစခန်းဝင်းထဲက ဖြတ်တဲ့အခါ လမ်းဘေး သစ်ပင်တပင်မှာ သွေးကွက်တွေ ရှိနေတာ မပျောက်သေးပါဘူး။ 

အခုတော့ စလင်းနယ်တဝိုက်မှာ သေနတ်သံတွေ ပြန်ကြားနေရပြန်ပါပြီ။ ဒီတခါတော့ အာဏာရှင်အဆက်ဆက်ကို တော်လှန်ပုန်ကန်ကြတဲ့ လူထုရဲ့ ရုန်းကန်တိုက်ပွဲဝင်မှုဟာ ကြားရတဲ့ သတင်းတွေအရ အောင်ပွဲရတော့မယ့်သဘော ဖြစ်နေတာမို့ ရင်ခုန်ကျေနပ်‌ရပါတယ်။

စလင်းမှာ ကျနော်က နှစ်ရက်ပဲ နေခဲ့ပါတယ်။ နောက်ပိုင်းမှာ အလုပ်တဖက်နဲ့မို့ ပြန်ခဲ့ရပါတယ်။ နောက်တကြိမ် လာလည်တဲ့အခါကျမှပဲ ရုပ်စုံကျောင်းကြီးနဲ့ ဝက်သည်းကန်၊ သိပ္ပံမောင်ဝ နေခဲ့ဖူးတဲ့အိမ်၊ လူမနေတော့တဲ့ သူကောင်းမျိုးရိုးတို့ နေထိုင်ခဲ့တဲ့ တိုက်အိုကြီးတွေ….အစရှိသဖြင့် အစီအစဉ်ဆွဲပြီးသွားကြဖို့ တိုင်ပင်ခဲ့ကြပါတယ်။ နောက်တခေါက်ကျရင်လည်း မုန့်ပျားသလက်ကို စားတော်ပဲနဲ့ ဆီနိုင်နိုင်ဆမ်းပြီး စားဦးမယ်လို့ တေးမှတ်ထားလိုက်ပါတယ်။

သူငယ်ချင်း ခင်မောင်ကြီးနဲ့ ကျနော် လူချင်းခွဲဖို့ နှုတ်ဆက်တော့ နေဝင်စပြုပါပြီ။ ကုသိနာရုံ ဘုရားပွဲ ဈေးတန်းဆီက သီချင်းဖွင့်သံတွေ လူသံတွေ အသံကျယ်ကျယ် ကြားနေရပါပြီ။ ။

ငြိမ်းဝေ

ဆက်စပ်ဆောင်းပါး Link

သုနာပရန္တ စန္ဒာလင်္ကာရမြို့ကလေးရဲ့ သမိုင်းခြေရာများ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013