Home
မြန်မာသတင်း
အင်္ဂပူတွင် ပျူစောထီးခေါင်းဆောင် ၁ ဦး သစ်ပင်ပေါ်ကပြုတ်ကျပြီး သေဆုံး
DVB
·
March 4, 2026
Photo: CJ

ဧရာဝတီတိုင်း ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် အပင်ပေါ် ဂွေးတောက်ရွက် တက်ခူးရာက သစ်ပင်ပေါ်က ပြုတ်ကျကာ ဇက်ကျိုးပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။

မတ် ၂ ရက် ညနေ ၄ နာရီခွဲခန့်မှာ အင်္ဂပူမြို့နယ် နွားခြံကျေးရွာအုပ်စု၊ ကုန်းတောင်နီကျေးရွာက စစ်ကောင်စီရဲ့ ပျူစောထီးခေါင်းဆောင် သိန်းဇော်ဆိုသူဟာ ဂွေးတောက်နွယ်ပင်တွေရှိတဲ့ အပင်ကြီး ပေါ်တက် ဂွေးတောက်ရွက် တက်ခူးရာက ပြုတ်ကျခဲ့ပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။

ဒေသခံတယောက်က “ဂွေးတောက်ရွက်နွယ်တွေရှိတဲ့ အပင်ပေါ်ကနေ ပြုတ်ကျတာ။ ခြေထောက် ချော်ပြီး ပြုတ်ကျတာ။ အောက်က မြေကြီးပေါ် ဇောက်ထိုးကျတာ။ ခေါင်းနဲ့ကျသလို ဖြစ်သွားပြီး ဇက်ကျိုးကျသွားပြီး သေဆုံးသွားတာ” လို့ ပြောပါတယ်။

ဇက်ကျိုးသေဆုံးသွားတဲ့ ပျူစောထီးခေါင်းဆောင် သိန်းဇော်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်တဲ့ မြင့်ဦးနဲ့ ပေါင်းကာ လစဉ် စစ်မှုထမ်းထောက်ပံ့ကြေး အဆမတန်ကောက်ယူတာ၊ စစ်မှုထမ်းဖို့ လူငယ်တွေကို အဓမ္မဖမ်းခေါ်တာ၊ ကင်းကြေးနဲ့ အစည်းအဝေးတက်ဖို့ ပျက်ကွက်ပါက ဒဏ်ရိုက် အရေးယူတာတွေကို လုပ်ဆောင်နေတဲ့သူတယောက် ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “သိန်းဇော် (ပျူစောထီး) က အုပ်ချုပ်ရေးမှူး အဆက်ဆက်ပေါင်းပြီး အရပ်သားတွေကို ဖိအားပေး ငွေညှစ်နေတာ။ တကယ် မကောင်းတဲ့ကောင်။ စစ်တပ်က မျက်နှာသာပေးထားတော့ သူက မလုပ်ရဲတာ မရှိဘူးလို့ ပြောသေးတာ” လို့ ပြောပါတယ်။

သေဆုံးခဲ့တဲ့ ပျူစောထီးခေါင်းဆောင် သိန်းဇော်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ မတ် ၄ ရက် မနက် ၁၁ နာရီက ကုန်းတောင်နီကျေးရွာ သုသာန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013