
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေ နေရာလုတဲ့ကိစ္စနဲ့ အချင်းချင်း ထိုးတြိတ်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဒေသခံ ပြည်သူ့စစ်သင်တန်းတက်ထားတဲ့ ၄၅ ယောက်နဲ့ စစ်ကောင်စီတပ်က ဗိုလ်မှူး အပါအဝင် တပ်ဖွဲ့ဝင် ၅ ယောက်တို့ ဖေဖော်ဝါရီ ၂၃ ရက်က အလုပ်ခွဲဝေမှု၊ ကောက်ခံထားတဲ့ငွေ ဝေစုခွဲဝေမှု စတဲ့ကိစ္စတွေနဲ့ အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး လက်သီးတွေနဲ့ ထိုးတြိတ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ဗိုလ်မှူးပါတဲ့အဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဖြစ်တာလို့ သိရတယ်။ ဗိုလ်မှူးဆိုသူက အလုပ်တွေခွဲဝေရာမှာ မတရားသဖြင့် လုပ်တာတွေ၊ အန္တရာယ်များတဲ့ နေရာတွေမှာ ဖိအားပေး ခိုင်းတာတွေကြောင့် ဖြစ်တာပါ။ စစ်တပ်ဘက်က တယောက်က အရင်ရန်စပြီး ထိုးတာလို့ သိရတယ်” လို့ ပြောပါတယ်။
ထူးကြီးမြို့ခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ပြည်သူ့စစ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဗိုလ်မှူးဆိုသူက ပြည်သူ့စစ်တွေဘက်ကို ခြိမ်းခြောက်ပြီး ဖြစ်စဉ်ကို သတင်းဖုံးထားတယ်လို့ သိရပါတယ်။
ပြည်သူ့စစ်တွေနဲ့ နီးစပ်သူတယောက်က “အချင်းချင်း အလုပ်ခွဲဝေမှုတွေမှာ မကျေနပ်ဖြစ်နေကြတာ။ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတယ်။ စစ်တပ်ဘက်က အခု သတင်း ကျယ်ကျယ်လောင်လောင် ထွက်လာရင် ပြည်သူ့စစ်တွေပါ ရှေ့တန်းအထိ လိုက်ရမယ်လို့ ခြိမ်းခြောက်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ပြည်သူ့စစ်တွေဘက်ကို အလုပ်တွေ မတရားခိုင်းတာအပြင် အန္တရာယ်များတဲ့ နေရာတွေကို စေလွှတ်တာ၊ အကျိုးအမြတ်မပေးတာ စတဲ့ မတရားမှုတွေနဲ့ ပတ်သက်လို့ ပြည်သူ့စစ်တွေက နုတ်ထွက်ခွင့်တောင်းထားပေမဲ့ ခွင့်မပြုဘူးလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့တွေအပေါ် ပေးထားတဲ့ အကျိုးခံစားခွင့်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြတ်ယူနေတာကြောင့် ပြည်သူ့စစ်တွေဘက်က နုတ်ထွက်ဖို့အထိ တင်ပြတာလို့ သိရပါတယ်။


