Home
မြန်မာသတင်း
ကန်ကြီးထောင့်တွင် ပြည်သူ့စစ်၏ အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးအမှု ရဲစခန်းက အရေးမယူ
DVB
·
February 11, 2026
Photos - KKL

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်မှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်က အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်ကို ရဲစခန်းမှာ တိုင်ကြားပေမဲ့ အမှုဖွင့် အရေးယူမပေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

အဓမ္မပြုကျင့်သူမှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ကန်ကြီးထောင့်မြို့နယ် ရွာသစ်ကျေးရွာက ဟိန်းမင်းသူ (ခ) ကုလားလေး ဆိုသူဖြစ်ပြီး ရွာသစ်ကျေးရွာနေ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခု ဇူလိုင် ၁ ရက်က အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရဲစခန်းမှာ ၆ ကြိမ်ထက်မနည်း တိုင်ကြားပေမဲ့ အချိန် ၆ လ ကျော်လာတဲ့အထိ အရေးယူပေးတာ မရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

“ကလေးမလေးကို ဟိန်းမင်းသူက ကျေးရွာဘုန်းတော်ကြီးကျောင်းရဲ့ဘေး၊ စာသင်ကျောင်း အိမ်သာအတွင်း ခေါ်သွင်းကာ အဓမ္မပြုကျင့်ခဲ့တာ။ အခုထိ အရေးမယူသေးဘူး။ ရဲစခန်းကို တိုင်တာ အကြိမ်ကြိမ်ပဲ။ ဒီနေ့အထိ အမှုမဖွင့်ပေးဘူး။”

ဖြစ်စဉ်နဲ့ပတ်သက်လို့ မိသားစုနဲ့ ရပ်ရွာထဲ အသိသက်သေတွေက စုပေါင်းပြီး ကန်ကြီးထောင့် မြို့နယ်ရဲခန်းကို ဇူလိုင်လထဲမှာ ၂ ကြိမ်၊ သြဂုတ်လထဲမှာ ၂ ကြိမ်၊ စက်တင်ဘာလထဲမှာ ၁ ကြိမ်၊ အောက်တိုဘာလမှာ ၁ ကြိမ် တိုင်ကြားပေမဲ့ ကျူးလွန်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို အရေးမယူပေးဘူးလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “ဟိန်းမင်းသူရဲ့ အဖေက စစ်ကောင်စီတပ်နဲ့ အရမ်းရင်းနှီးတယ်။ ငွေပေးတယ်။ စစ်သားစုဆောင်း အလုပ်လုပ်ပေးတယ်။ အဲတော့ ကျူးလွန်သူကို အရေးမယူတဲ့အပြင် ကျူးလွန်ခံရတဲ့ မိန်းကလေးမိသားစုကိုပါ အမျိုးမျိုးခြိမ်းခြောက်တာ ခံနေရတယ်” လို့ ပြောပါတယ်။

အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှု ကျူးလွန်တဲ့ စစ်ကောင်စီရဲ့ ပြည်သူစစ် တပ်ဖွဲ့ဝင် ဟိန်းမင်းသူ (ခ) ကုလားဟာ တခြားအမျိုးသမီး တချို့ကိုလည်း အခုလို ကျူးလွန်ခဲ့တဲ့ ဖြစ်စဥ်တွေ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကျူးလွန်သူ ဟိန်းမင်းသူ (ခ) ကုလားက ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်တဲ့ မင်းအောင် ဆိုသူနဲ့ အဆင်ပြေတာကြောင့် သတင်းဖုံးပြီး အရေးမယူတာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013