
PNO ပြည်သူ့စစ်က ပအိုဝ်းလူမျိုးတွေကို ပေါ်တာဆွဲတာ၊ ရွာထဲ ဝင်ခေါ်တာတွေလုပ်ပြီး လူသားဒိုင်းအနေနဲ့ ရှေ့တန်းတက်ခိုင်းနေတယ်လို့ ပအိုဝ်းအမျိုးသားတယောက်က ဇန်နဝါရီ ၁၄ ရက်က ပြောပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ ထိန်းချုပ်နယ်မြေထဲကို ဇန်နဝါရီ ၁ ရက်ကစပြီး လက်ရှိအချိန်အထိ PNO နဲ့ စစ်တပ်က ထိုးစစ်ဆင်နေသလို ရှေ့တန်းမှာ ပေါ်တာဆွဲထားတဲ့ ပအိုဝ်းလူမျိုးတွေကို အသုံးပြုနေတယ်လို ဆိုပါတယ်။
ပအိုဝ်းအမျိုးသားတယောက်က “စစ်တပ်နဲ့ နီးတဲ့နေရာတွေက အများဆုံးပေါ်တာဆွဲခံရတယ်၊ ခုလက်ရှိဆိုရင် ဆီဆိုင်မြို့နယ်ရယ် ပင်လောင်းမြို့နယ်ထဲက လူတွေက အများဆုံးပေါ့။ ပင်လောင်းတောင်ဘက်ခြမ်း၊ ဆီဆိုင်တောင်ဘက်ခြမ်း၊ အရှေ့ဘက်ခြမ်း အဲလိုကများတယ်။ လိုရင်လိုသလိုဆွဲနေတာပဲ။ ကျည်ဆန်တွေထမ်း၊ ဆန်တွေထမ်း၊ ထမင်းဟင်းတွေ တိုက်ပွဲပြီးတဲ့ထိ လိုက်ချက်ပေးရ၊ စစ်ကြောင်းထိုးပြီဆိုရင် ရှေ့ကသွားခိုင်း အဲဒီလိုလုပ်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က ဇန်နဝါရီ ၁ ရက်ကစပြီး လက်ရှိအချိန်အထိ PNLA ရဲ့ ထိန်းချုပ်နယ်မြေတွေထဲကို လက်နက်ကြီး၊ ဒရုန်းတွေပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် ထိတွေ့တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
PNO ရဲ့ ပေါ်တာဆွဲခံရတဲ့ ရွာသား ၂ ယောက်ဟာ ဇန်နဝါရီ ၁ ရက်က ရှေ့တန်းကို ရောက်လာချိန် PNLA ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့အတွက် ကယ်ထုတ်ပေးခဲ့တယ်လို့ PNLA က ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်ထားပါတယ်။
ထိတွေ့တိုက်ပွဲတွေအတွင်း နှစ်ဖက် အထိအခိုက်အကျအဆုံးရှိနိင်ပြီး စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က အယောက် ၂၀ ကျော် သေဆုံးကာ အလောင်း ၁ လောင်းနဲ့ သေနတ် ၁ လက် သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။


