
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်မှာ ရွေးကောက်ပွဲအတွက် မဲရုံစောင့်နေတဲ့ ပြည်သူ့စစ်မှုထမ်း တယောက်ကို ဇန်နဝါရီ ၂၄ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Twenty one Guerilla Force (မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁) ဆီကနေ သိရပါတယ်။
Myingyan Twenty one Guerilla Force ရဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီ ပစ က သူတာဝန်ကျတဲ့ မဲရုံကနေ အပြင်ထွက်လာတဲ့အချိန် မြို့ပေါ်မှာပဲ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဲဒီဖမ်းဆီးမှုကို Myingyan Twenty one Guerilla Force (မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁) နဲ့အတူ TFM အဖွဲ့၊ TLK ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ကြတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
Myingyan Twenty one Guerilla Force ရဲ့ တာဝန်ရှိသူက “မြင်းခြံနယ်ထဲမှာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ တတိယပိုင်းကို ဒီနေ့ ၂၅ ရက်နေ့မှာ ဆက်လုပ်မယ်။ မြင်းခြံနယ် တနယ်လုံးတော့ မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုလထဲမှာတင် ရန်သူအထိုင်စခန်းတချို့ကို သိမ်းပိုက်ထားတာရှိတယ်။ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲက မြို့ပေါ်ရပ်ကွက်တချို့နဲ့ မြို့နဲ့ကပ်နေတဲ့ ရွာအနည်းငယ်လောက်ပဲ လုပ်နိုင်တဲ့ အနေအထားရှိတယ်။ အခုဖမ်းမိတဲ့သူက မြို့ပေါ်က မဲရုံတရုံမှာ လုံခြုံရေးတာဝန်ကျနေသူပါ” လို့ DVB ကို ပြောပါတယ်။
အဆိုပါ ဖမ်းဆီးရမိတဲ့ ပြည်သူ့စစ်မှုထမ်းနဲ့အတူ ကာဘိုင်သေနတ်တလက်နဲ့ ကျည်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးအရ ဖမ်းဆီးရမိသူရဲ့ အချက်အလက် အသေးစိတ်တွေကိုတော့ ထုတ်ပြန်လို့ မရသေးဘူးလို့ ဆက်ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်ဟာ မြင်းခြံမြို့နယ်ထဲမှာ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းကစလို့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၃ ကို ဆက်လက်ကျင်းပနေပေမဲ့ ပြည်သူစိတ်ပါဝင်စားမှု နည်းပါးနေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။


