
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲမှာရှိတဲ့ ကနားနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ် ၁ ဦးကို ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဇန်နဝါရီ ၁၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
သတင်းအရ ကြိုတင်စောင့်ဆိုင်းပြီး အရှင် ဖမ်းဆီးရမိခဲ့သူဟာ ကနားနယ်မြေရဲစခန်းနဲ့ မြင်းခြံ ၁၅ တပ် ဘီးခွန်ဂိတ်မှာ တွဲဖက်တာဝန်ကျနေတဲ့ ဒုတပ်ကြပ် မျိုးမင်းအောင် ဖြစ်ပါတယ်လို့ စဉ့်ကိုင်မြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အရှင်ဖမ်းဆီးရမိခဲ့တဲ့ ဒုတပ်ကြပ် မျိုးမင်းအောင် ဆီကနေ ကျည်ဘောက် ၁ ခုနဲ့အတူ ကျည်အတောင့် ၁၀၀ နီးပါးကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
စဉ့်ကိုင်မြို့နယ် ပကဖ ရဲ့ တာဝန်ရှိသူတယောက်က “ကိုယ်ပိုင်နံပါတ်က ၂၃၁၆၆၇၊ အသက်က ၃၅ နှစ်၊ သူ့မိဘတွေကတော့ ရန်ကုန်၊ စမ်းချောင်းမြို့နယ်ထဲက မိုးမခလမ်းမှာ နေကြတယ်။ ရဲလုပ်သက်ကတော့ ၇ နှစ်၊ ၈ နှစ်လောက်ပဲ ရှိသေးတာ။ ကနားရဲစခန်းမှာ တာဝန်ကျနေတာတော့ ၃ နှစ်လောက်ရှိနေပြီ။ ဖမ်းဆီးရမိတာကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က ဆိုပေမဲ့ လိုအပ်တဲ့ စစ်ဆေးတာတွေ ပြုလုပ်နေရတာမို့လို့ အခုမှ သတင်းထုတ်ပြန်ရတာ” လို့ DVB ကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ဒုတပ်ကြပ် မျိုးမင်းအောင် ကို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေထံ အပ်နှံပေးထားပြီး စစ်သုံ့ပန်းဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
စဥ့်ကိုင်မြို့နယ် ပကဖ တပ်ဖွဲ့ဝင်တွေဟာ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတာဖြစ်လို့ ခဲယမ်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။


