
USAGM အကြီးအကဲ ကယ်ရီလိခ် ဆောင်ရွက်ခဲ့တာတွေ အားလုံးဟာ ဥပဒေနဲ့မညီသလို ဥပဒေအရ အကျိုးသက်ရောက်မှု မရှိဘူးလို့ ဝါရှင်တန်ဒီစီ ဖက်ဒရယ်တရားသူကြီးက အမိန့်စာထုတ်ပြန်ပါတယ်။
Voice of America (VOA) ရဲ့ မိခင်အဖွဲ့အစည်း ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ (USAGM) ရဲ့ အကြီးအကဲ ကယ်ရီလိခ် ဆောင်ရွက်ခဲ့တာတွေ အားလုံးဟာ ဥပဒေနဲ့မညီသလို ဥပဒေအရ အကျိုးသက်ရောက်မှု မရှိဘူးလို့ ဝါရှင်တန်ဒီစီ ဖက်ဒရယ်တရားသူကြီးက ဒေသစံတော်ချိန် မတ် ၇ ရက်မှာ အမိန့်စာထုတ်ပြန်ခဲ့တာပါ။
USAGM အကြီးအကဲအဖြစ် တာဝန်ယူထားတဲ့ ကယ်ရီလိခ်ကို ထရမ့်ပ်အစိုးရက ရာထူးခန့်အပ်တဲ့ပုံစံဟာ တရားဥပဒေနဲ့ မညီခဲ့တဲ့အတွက် ကယ်ရီလိခ်ရဲ့ လုပ်ဆောင်ချက်တွေဟာ ဥပဒေကို ချိုးဖောက်နေတာဖြစ်တယ်လို့ တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်ကနေ နိုဝင်ဘာ ၁၉ ရက်အတွင်း USAGM အကြီးအကဲ ကယ်ရီလိခ် ဆောင်ရွက်ခဲ့တာတွေ၊ ထုတ်ပြန်ချက်တွေ အားလုံးဟာ ဥပဒေနဲ့မညီတဲ့အတွက် ဥပဒေအရ အကျိုးသက်ရောက်မှု မရှိဘူးလို့ တရားသူကြီးက အမိန့်စာမှာ ရှင်းလင်းပါတယ်။
VOA မြန်မာပိုင်း အစီအစဉ်တင်ဆက်သူ မအင်ကြင်းနိုင်က “ကယ်ရီလိခ်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ထိခိုက်နစ်နာခဲ့တဲ့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ကန်ထရိုက်တာ အပေါ်မှာလည်း အခုဒီ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ အကျိုးသက်ရောက်မှု ဘယ်လောက်အထိ ရှိမလဲ ဆိုတာကို ကျမတို့ ရှေ့နေတွေ သုံးသပ်နေတယ်။ တချိန်တည်းမှာပဲ ကျမတို့ VOA အသံလွှင့်ဌာနသည် အစိုးရတွေရဲ့ ဝါဒဖြန့်မှုအတွက် မဟုတ်ဘဲ သတင်းလွတ်လပ်ခွင့် သတင်းကျင့်ဝတ်နဲ့အညီ ရပ်တည်တဲ့ အသံလွှင့်ဌာနတခု ဖြစ်တယ်ဆိုတာ လွှတ်တော်ပြဋ္ဌာန်းချက်နဲ့အညီ ကျမတို့ ဆက်ပြီးတော့ ရပ်တည်လှုပ်ရှား တိုက်ပွဲဝင်ဖို့အတွက်လည်း တရားသူကြီး လန်ဘတ်သ်ရဲ့ ဆုံးဖြတ်ချက်တွေဟာ ကျမတို့ကို အင်အားဖြစ်စေတယ်။ မျှော်လင့်ချက်တွေ ဖြစ်စေပါတယ်” လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ် ဩဂုတ်လတုန်းက VOA ဝန်ထမ်းတွေကို အလုပ်ထုတ်ခဲ့တဲ့ ဆောင်ရွက်ချက်ဟာလည်း တရားဥပဒေနဲ့ မညီသလို USAGM မှာ လုပ်ပိုင်ခွင့်လည်း မရှိဘူးလို့ အမိန့်စာမှာ ဖော်ပြပါတယ်။
USAGM မှာ လတ်တလော ဘယ်သူတွေက တာဝန်ယူ ဦးဆောင်နေတယ် ဆိုတဲ့အချက် အပါအဝင် ရှေ့ဆက်သွားမဲ့ လုပ်ငန်းစဉ်နဲ့ ရာထူးအာဏာ ခန့်အပ်တာဝန်ပေးတာတွေကို တရားရုံးဆီ ရက်ပိုင်းအတွင်းမှာ USAGM က အစီရင်ခံ တင်ပြရမယ်လို့ တရားသူကြီးရဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “VOA နဲ့ ပတ်သက်ပြီးတော့ မီဒီယာတွေဆိုတာက အင်မတန်မှလည်း အရေးကြီးတာဖြစ်တယ်။ ဒီကိစ္စ စည်းရုံးရေးကို ဦးဆောင်ဦးရွက်နဲ့ ဝါရှင်တန်မှာ လုပ်နေကြတဲ့ ညီအစ်ကို မောင်နှမတွေလည်း ရှိတယ်ဆိုတော့ ကျမတို့အနေနဲ့ကတော့ သူတို့ရဲ့ နိုင်ငံရေးလွန်ဆွဲမှုတွေကြားထဲမှာ အကောင်းဆုံး ဒီဟာတွေဖြစ်လာအောင် ဆက်လက်ပြီးတော့မှ စည်းရုံးတိုက်တွန်းတာတွေ လုပ်ရမှာဖြစ်တယ်၊ ဆက်ပြီးတော့ တွန်းရမှာဖြစ်တယ်ပေါ့” လို့ ပြောပါတယ်။
VOA သတင်းဌာနကို ပိတ်သိမ်းဖို့ ကြိုးစားနေတဲ့ သမ္မတထရမ့်ပ် အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ ဥပဒေမဲ့လုပ်ရပ် ဖြစ်တဲ့အပြင် VOA အတွက် လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ အချက်အလက်တွေကိုပါ ချိုးဖောက်နေတယ်လို့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ ဖက်ဒရယ်တရားသူကြီး လမ်းဘတ်သ်က ၂၀၂၅ ဇူလိုင် ၂၉ ရက် နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒါအပြင် ထရမ့်ပ်အစိုးရ ခန့်အပ်ထားတဲ့ USAGM အကြီးအကဲ ကယ်ရီလိခ်က VOA ဒါရိုက်တာ မိုက်ကယ်အေဗရာမိုဝစ်ဇ်ကို အလုပ်ကနေ ထုတ်ပယ်တာဟာ လွှတ်တော်ကပြဋ္ဌာန်းထားတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီတဲ့အတွက် တရားမဝင်ဘူးလို့ တရားသူကြီး လမ်းဘတ်သ်က ၂၀၂၅ ဩဂုတ် ၂၈ ရက်မှာ အမိန့်စာ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။
အခုတကြိမ် တရားသူကြီး လမ်းဘတ်သ်ရဲ့ အမိန့်စာဟာ ထရမ့်ပ်အစိုးရလက်ထက် USAGM ရဲ့ ဆောင်ရွက်ချက်တွေကို လက်မခံကြောင်း တတိယအကြိမ်မြောက် ဆုံးဖြတ်ချက် ဖြစ်ပါတယ်။


