Home
မြန်မာသတင်း
VOA ဝန်ထမ်းများအား အလုပ်ဖြုတ်မှု ရပ်ဆိုင်းရန် တရားရုံးအမိန့်ချ
DVB
·
September 30, 2025

VOA သတင်းဌာနရဲ့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်ခဲ့တဲ့ ထရမ့်ပ်အစိုးရရဲ့လုပ်ရပ်ကို ယာယီရပ်ဆိုင်းပြီး နောက်ထပ်မဆောင်ရွက်ဖို့ ဝါရှင်တန်ဒီစီခရိုင်တရားသူကြီးက အမိန့်ချမှတ်လိုက်ပါတယ်။

VOA ဝန်ထမ်း ၅၀၀ ကျော်ကို အစုလိုက်အပြုံလိုက်အလုပ်ဖြုတ်ခဲ့တဲ့ အစိုးရရဲ့လုပ်ရပ်ကို ယာယီရပ်ဆိုင်းလိုက်ပြီး နောက်ထပ်မဆောင်ရွက်ဖို့ကိစ္စအပါအဝင် အချက် ၅ ချက်ပါတဲ့ အမိန့်စာကို ဒေသစံတော်ချိန် စက်တင်ဘာ ၂၉ ရက် ကြားနာမှုအပြီးမှာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီခရိုင်တရားသူကြီး လမ်းဘတ်သ်က အမိန့်ချမှ ထုတ်ပြန်လိုက်တာပါ။

မနက်ပိုင်းရုံးချိန်း နှစ်ဖက်ကြားနာမှုပြီးတဲ့နောက် ညနေပိုင်းမှာ အမိန့်ဆုံးဖြတ်ချက်ကို တရားရုံးက ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

တရားရုံးကိုလာရောက်တဲ့  VOA ဝန်ထမ်း အရုပ်နဲ့အသံပိုင်းဆိုင်ရာကျွမ်းကျင်သူ  စကော့ရူဘန်းစ်က “ဝန်ထမ်းတွေကို အလုပ်ဖြုတ်တဲ့လုပ်ရပ်ကို ရပ်ဆိုင်းထားသင့်တယ်ဆိုတာကို ကျနော်တို့ ခိုင်ခိုင်မာမာ လျှောက်လဲနိုင်ခဲ့ပါတယ်။ တရားပြိုင်တွေဘက်ကတော့ အမှုနဲ့ပတ်သက်ပြီး တာဝန်ယူ ဖြေရှင်းကြောင်းကောင်းမွန်တဲ့လျှောက်လဲချက်နဲ့ ခိုင်မာတဲ့အချက်အလက်တွေမပေးနိုင်ခဲ့ပါဘူး။ ကျနော်တို့ဘက်က ခိုင်လုံတဲ့အကြောင်းပြချက်တွေရှိပေမဲ့ သူတို့ဘက်ကတော့ တရားရုံးညွှန်ကြားချက်တွေနဲ့ ပတ်သက်ပြီး ဘာတွေဆောင်ရွက်နေတယ်ဆိုတာ မရှင်းပြနိုင်ခဲ့ပါဘူး။ ဒါကြောင့်တရားသူကြီးအနေနဲ့ ကျနော်တို့လိုအပ်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မယ်လို့ယူဆပါတယ်” လို့ ပြောပါတယ်။

VOA ဝန်ထမ်းတွေကို စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားပြီး အလုပ်ဖြုတ်မယ့်အကြောင်း ဩဂုတ် ၂၉ ရက်မှာ ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ (USAGM) က အသိပေးစာတွေ ပေးပို့ခဲ့တာပါ။

VOA အသံလွှင့်လုပ်ငန်းတွေထဲက အရေးပါတဲ့ နိုင်ငံခြားဘာသာစကားအစီအစဉ်တွေနဲ့ ဒေသတွေအတွက် အရင်အတိုင်းအပြည့်အဝမဟုတ်ရင်တောင် ဥပဒေပြဋ္ဌာန်း ချက်နဲ့အညီ အနိမ့်ဆုံးအဆင့် ပြန်လည်လုပ်ဆောင်ရမယ်ဆိုတဲ့ တရားရုံးရဲ့ ဧပြီ ၂၂ ရက် ကနဦးအမိန့်ကို USAGM က လိုက်နာမှုမရှိတာ တွေ့ရတယ်လို့ တရားရုံးအမိန့်စာမှာ ဖော်ပြပါတယ်။

အစိုးရဘက်ကဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းကျွမ်းကျင်အင်ဂျင်နီယာတွေနဲ့ ဘာသာစကားကျွမ်းကျင်သူ အားလုံးနီးပါးကို လျှော့ချမယ့်လုပ်ရပ်ဟာ တရားရုံးကနဦးအမိန့်ပါ အသံလွှင့်လုပ်ငန်းတွေ ပုံမှန်ပြန်လည်ပတ်ဖို့ ညွှန်ကြားချက်နဲ့ အပ်စပ်မှုမရှိကြောင်း တရားရုံးကတွေ့ရှိတယ်လို့လည်း ဆိုပါတယ်။

VOA မြန်မာပိုင်း အစီအစဉ်တင်ဆက်သူ ဒေါ်အင်ကြင်းနိုင်က “တရားသူကြီး လမ်းဘတ်သ်ရဲ့ ကနဦး တားမြစ်မိန့်ကို လိုက်နာခြင်းမတွေ့ရဘူးဆိုတာကို ထောက်ပြထားတယ်။ ဒါပေမဲ့ ထုံးစံအတိုင်းပဲပေါ့နော် ထရမ့်ပ်အစိုးရဘက်က ရှေ့နေကတော့ ဒါကိုငြင်းထားတယ်ပေါ့၊ အဓိကကတော့ ကျမတို့ VOA ဝန်ထမ်း ၅၀၀ ကျော်ကို အလုပ်ထုတ်သင့်မထုတ်သင့်ဆိုတဲ့ ကိစ္စမှာ အေဂျင်စီက ဆက်ပြီးလုပ်နေတဲ့အပိုင်းမှာ စက်တင်ဘာ ၃၀ ရက်နောက်ဆုံးထားပြီး အလုပ်ထုတ်မယ့်ကိစ္စက ဘယ်သူကတာဝန်ယူလုပ်နေသလဲ၊ ဘယ်သူ့အမိန့်နဲ့လုပ်နေသလဲ ဆိုတဲ့ဟာကိုလည်း တရားရုံးမှာကြားနာတယ်။ ကျမတို့ဘက်က ရှေ့နေလျှောက်ထားချက်ကတော့ ဒီကြားနာချက်နဲ့ ပတ်သက်ပြီးတော့ ဒီလိုအလုပ်ထုတ်မယ့်ကိစ္စမှာ ဘယ်သူ့အမိန့်နဲ့ ဆောင်ရွက်နေတယ်ဆိုတာ ကွဲကွဲပြားပြားရှင်းရှင်းလင်းမသိရသေးဘူးလို့ ကျမတို့ တင်ပြထားတာရှိတယ်”လို့ ပြောပါတယ်။

ဝန်ထမ်းတွေကို အလုပ်ဖြုတ်တာ ခန့်တာတွေကို တရားရေးဘက်က ဝင်ရောက် စွက်ဖက်လို့မရဘူးဆိုတဲ့ အစိုးရရှေ့နေတွေရဲ့ တရားခွင်ချေပချက်ကို တရားသူကြီးက ပယ်ချခဲ့ပြီး အေဂျင်စီက ဥပဒေနဲ့အညီ လုပ်ငန်းမဆောင်ရွက်ရင် ဝန်ထမ်းအလုပ်အကိုင်ကိစ္စကိုပါ သူ့အနေနဲ့ ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ အမိန့်စာမှာ ဖော်ပြပါတယ်။

တရားရုံးက အမိန့်ထွက်လာတာဟာ အားရစရာကောင်းပေမဲ့ အစိုးရဘက်က အယူခံ အဆင့်ဆင့်ဝင်တာ၊ အမှုကိုအချိန်ကြာအောင်ဆွဲဆန့်တာတွေ ပြုလုပ်နိုင်တဲ့အတွက် ဝန်ထမ်းတွေရဲ့ ရပ်တည်နိုင်ရေးဟာ စိန်ခေါ်မှုတွေနဲ့ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

VOA မြန်မာပိုင်း အစီအစဉ်တင်ဆက်သူ မခင်ဖြူထွေးက “ဒီကနေ့တရားရုံး ဆုံးဖြတ်ချက်တွေအပေါ်မှာ အားရစရာတွေတော့ဖြစ်တယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဘာဖြစ်မယ်ဆိုတာ မရေမရာအခြေအနေက ဆက်ပြီးကြုံနေရဆဲဖြစ်တယ်။ ဒီအပေါ်မှာ VOA ဝန်ထမ်းတွေအနေနဲ့ အတော်လေးကို စိတ်ပိုင်းဆိုင်ရာဖိအားတွေ ထိိခုက်မှုတွေ အများကြီးဖြစ်စေပါတယ်။ နောက်တခုက လူတွေရဲ့ဂုဏ်သိက္ခာပေါ့၊ လူ့ဂုဏ်သိက္ခာကိုပါ ထိပါးတဲ့အခြေအနေအထိ အစိုးရဘက်က အခုလိုရက်ရက်စက်စက်လုပ်တဲ့အပေါ်မှာ လူတွေက ခံပြင်းကြတယ်။ စိတ်ဓာတ်ကျမှုတွေ၊ စိတ်ပိုင်းဆိုင်ရာမပြေလည်မှုတွေ ကြုံကြရတာလည်း ဒီကာလတလျှောက်မှာ အများကြီးရှိပါတယ်”လို့ ပြောပါတယ်။

USAGM က အရင်တရားရုံးအမိန့်တွေကို လေးစားလိုက်နာခြင်းမရှိတာကို သတိပေးထားပြီး ဒီအပြုအမှုတွေဟာ တရားရုံးအမိန့် ချိုးဖောက်မှုနဲ့ အရေးယူခံရမယ့်ဆီကို ဦးတည်နေတယ်လို့ တရားသူကြီးရဲ့အမိန့်စာမှာ ဖော်ပြပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က ဒေသစံတော်ချိန် မတ် ၁၄ ရက်မှာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ (USAGM) အပါအဝင် တခြားအစိုးရအေဂျင်စီ ၆ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင်ထားဖို့ ညွှန်ကြားချက်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

သမ္မတဒေါ်နယ်ထရမ့်ပ်ဟာ အစိုးရလုပ်ငန်းတွေအားလုံးရဲ့ ငွေကြေးသုံးစွဲမှုနဲ့ ဝန်ထမ်းခန့်အပ် မှုအခြေအနေတွေကို ပြန်လည်သုံးသပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အခုလိုဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024