Home
မြန်မာသတင်း
VOA ကို ပိတ်သိမ်းရန်ကြိုးစားသည့် ထရမ့်ပ်အစိုးရလုပ်ဆောင်ချက် ဥပဒေမဲ့လုပ်ရပ်ဖြစ်ဟု တရားသူကြီး ထုတ်ပြန်
DVB
·
July 31, 2025

VOA သတင်းဌာနကို ပိတ်သိမ်းဖို့ ကြိုးစားနေတဲ့ သမ္မတထရမ့်ပ် အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ ဥပဒေမဲ့လုပ်ရပ် ဖြစ်တဲ့အပြင် VOA အတွက် လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ အချက်အလက်တွေကိုပါ ချိုးဖောက်နေတယ်လို့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ ခရိုင်တရားသူကြီး လမ်းဘတ်သ်က ဒေသစံတော်ချိန် ၂၉ ရက် နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

တရားသူကြီးရဲ့ အမိန့်ထုတ်ပြန်ချက်မှာ VOA အသံလွှင့်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဒီစီခရိုင်တရားရုံးက ဧပြီလမှာ ချမှတ်ခဲ့တဲ့ အမိန့်တွေကိုလည်း ထရမ့်ပ်အစိုးရအဖွဲ့က လိုက်နာမှုမရှိဘူးလို့ ဖော်ပြထားပါတယ်။

VOA အသံလွှင့်လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ထရမ့်ပ်အစိုးရက မဆောင်ရွက်ခဲ့တာနဲ့ပတ်သက်ပြီး သြဂုတ် ၁၃ ရက် နောက်ဆုံးထားပြီး အကြောင်းပြချက်ပေးဖို့၊ ၂၀၂၅ ခုနှစ်အတွက် VOA ရဲ့ ဘတ်ဂျက်ငွေ ဒေါ်လာ သန်း ၂၆၀ ကို ထရမ့်ပ်အစိုးရလက်ထက်မှာ ဘယ်လိုသုံးစွဲခဲ့သလဲ စတဲ့အချက်အလက်တွေကို တင်ပြဖို့ တရားသူကြီးအမိန့်မှာ ဖော်ပြထားပါတယ်။

ဝါရှင်တန်ဒီစီ ခရိုင်တရားသူကြီးရဲ့ ဇူလိုင် ၂၉ ရက် အမိန့်ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ထရမ့်ပ်အစိုးရကို တရားစွဲဆိုထားတဲ့ VOA ဝန်ထမ်းတွေကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

VOA မြန်မာပိုင်း အစီအစဉ်တင်ဆက်သူ မအင်ကြင်းနိုင်က “တရားသူကြီးရဲ့ ထုတ်ပြန်ချက်အရ ဆိုရင် VOA ကို ပိတ်သိမ်းဖို့ ကြိုးစားနေတဲ့ သမ္မတ ထရမ့်ပ် အစိုးရရဲ့ လုပ်ဆောင်ချက်တွေက ဥပဒေမဲ့လုပ်ရပ်ဖြစ်တဲ့အပြင် VOA အတွက် လွှတ်တော်ပြဋ္ဌာန်းချက်တွေကိုပါ ချိုးဖောက်နေတယ် ဆိုပြီးတော့ ပြင်းပြင်းထန်ထန် ဖော်ပြထားတာ တွေ့ရတယ်။ ဒီနှစ် မတ်လကနေစပြီးတော့ ကျမတို့ VOA အသံလွှင့်လုပ်ငန်းတွေကို ရပ်ဆိုင်းထားတာနဲ့ ပတ်သက်ပြီးတော့ တရားသူကြီးက ဧပြီလက ထုတ်ပြန်ခဲ့တဲ့ ဒီလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ဆိုတဲ့ အမိန့်နဲ့ ပတ်သက်ပြီးတော့ ထရမ့်ပ်အစိုးရဘက်က လိုက်နာခြင်း မရှိဘူးပေါ့နော်။ အဲဒါကိုလည်း သူ ပြင်းပြင်းထန်ထန် ထောက်ပြထားတယ်။ ရပ်ဆိုင်းထားတဲ့ အသံလွှင့်လုပ်ငန်းတွေကို ဘာကြောင့် ပြန်မလည်ပတ်ရသလဲ ဆိုတာကို အတိအကျ ဖြေရှင်းဖို့ ဆိုပြီးတော့ ဩဂုတ်လ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး တရားရုံးကို တင်ပြဖို့ တရားသူကြီးအမိန့်မှာ ဖော်ပြထားတယ်။ တရားသူကြီးအမိန့်နဲ့ ပတ်သက်ပြီးတော့ ကျမတို့ ဝန်ထမ်းတွေဘက်က ကြိုဆိုတယ်။ ကျမတို့ အခက်အခဲဖြစ်နေတဲ့ အခြေအနေကို တရားသူကြီးအမိန့်က ထင်ဟပ်စေတယ်လို့ မြင်တယ်။ တရားသူကြီးက အချက်အလက်တွေနဲ့ ဖြေရှင်းဖို့ တိုက်တွန်းတာကို ထရမ့်ပ်အစိုးရဘက်က ထင်သာမြင်သာရှိရှိ ဖြေရှင်းပေးဖို့ ကျမတို့ဝန်ထမ်းတွေဘက်က တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

VOA သတင်းဌာနဟာ ဘာသာစကား ၄၈ မျိုးနဲ့ ကမ္ဘာတဝန်းကို သတင်းအချက်အလက် ဖြန့်ဝေနေတဲ့ဌာနဖြစ်ပြီး နေ့စဉ် သတင်းစားသုံးတဲ့ ပရိသတ် သန်းနဲ့ချီ ရှိနေတာပါ။

သမ္မတထရမ့်ပ်ရဲ့ အမိန့်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း VOA ဘက်က တရားပြန်စွဲထားတဲ့အမှု ၂ ခု ရှိခဲ့ပြီး တခုက ဂျာနယ်လစ်တွေက လုပ်ငန်းပုံမှန်ပြန်လည်ပတ်နိုင်ရေး တောင်းဆိုချက်နဲ့ စွဲထားတဲ့အမှု ဖြစ်ပါတယ်။

နောက်တခုက VOA ဒါရိုက်တာက သမ္မတထရမ့်ပ်ရဲ့ အမိန့်ဟာ လွှတ်တော်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ကျော်လွန်နေတာကြောင့် တရားမဝင်ကြောင်း စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013