Home
မြန်မာသတင်း
VOA ပြန်လည်ပတ်ရမည့်အမိန့်ကို မလိုက်နာသဖြင့် USAGM အကြီးအကဲကို သတိပေး
DVB
·
August 26, 2025

အမေရိကအသံ (VOA)  သတင်းဌာန အမှုအတွက် တရားရုံးက မေးမြန်းထားတာတွေကို ခိုင်လုံအောင် မဖြေရှင်းနိုင်ရင် အရေးယူရလိမ့်မယ်လို့ သမ္မတထရမ့်ပ်ခန့်အပ်ထားတဲ့   USAGM အကြီးအကဲကို တရားသူကြီးက သတိပေးလိုက်ပါတယ်။

ဒေသစံတော်ချိန် ဩဂုတ် ၂၅ ရက်က VOA အမှု နှစ်ဖက်ကြားနာပွဲကို အမေရိကန်ပြည်ထောင်စု၊ မြို့တော် ဝါရှင်တန်ဒီစီ၊ ခရိုင်တရားရုံးမှာ ပြုလုပ်ခဲ့တာပါ။

တရားသူကြီး လမ်းဘတ်သ်ရဲ့ ဇူလိုင် ၂၉ ရက်နေ့ အမိန့်ထုတ်ပြန်ချက်မှာ VOA အသံလွှင့်လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ထရမ့်ပ်အစိုးရက မဆောင်ရွက်ခဲ့တာနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ အကြောင်းပြချက်ပေးဖို့၊ ၂၀၂၅ ခုနှစ်အတွက် VOA ရဲ့ဘတ်ဂျက်ငွေ ဒေါ်လာ သန်း ၂၆၀ ကို ထရမ့်ပ်အစိုးရလက်ထက်မှာ ဘယ်လိုသုံးစွဲခဲ့တယ်ဆိုတဲ့အချက်အလက်တွေကို တင်ပြဖို့ စတာတွေကို ဖော်ပြခဲ့ပါတယ်။

ဒီအချက်တွေကို ဩဂုတ် ၂၅ ရက် ၂ ဖက်ကြားနာပွဲမှာ ထရမ့်ပ်အစိုးရကိုယ်စားလှယ်တွေဘက်က တရားသူကြီးစိတ်တိုင်းကျအောင် မဖြေရှင်းနိုင်ခဲ့ဘူးလို့ ရုံးချိန်းအပြီးသတင်းစာရှင်းလင်းပွဲမှာ VOA ဝန်ထမ်းတွေက ပြောပါတယ်။

VOAလုပ်ငန်းတွေပြန်လည်ပတ်ဖို့ ဧပြီလမှာချမှတ်ထားတဲ့ တရားရုံးအမိန့်ကို မလိုက်နာတဲ့ အတွက် USAGM အေဂျင်စီအကြီးအကဲ ကာရီလိခ်အနေနဲ့ မကြာခင်အရေးယူခံရနိုင်ဖွယ်ရှိတယ်လို့ ဒီစီခရိုင်တရားသူကြီးက ရုံးချိန်းမှာ သတိပေးစကား ပြောဆိုခဲ့ပါတယ်။

Save VOA) မှ မစ္စပက်ဆီက “တရားသူကြီးက ကျမတို့စိတ်ရှုပ်ထွေးမှု ခံစားနေရတာတွေကို ကောင်းကောင်းနားလည်တယ်ထင်ပါတယ်။ တရားသူကြီးက သူတို့ကိုမေးတဲ့အချိန်မှာ အဲ့ဒါက မြင်သာပါတယ်။ ပြီးတော့ သူတို့ကို ပြောတာက အခွန်ထမ်းပြည်သူတွေရဲ့ သန်းနဲ့ချီတဲ့ပိုက်ဆံတွေကို ဖြုန်းနေတယ်၊ ပြီးတော့ တရားသူကြီးထပ်ပြောတာက သူ(ကယ်ရီလိခ်)မှာ အစီအစဉ်ရှိကိုရှိရမယ်၊ အဲ့ဒီအစီအစဉ်ကို လွှတ်တော်ကိုတင်ပြနိုင်ရမယ်၊ အဲ့ဒါတွေကို ဘာလို့တရားရုံးကို မတင်ပြနိုင်ရတာလဲလို့ မေးခွန်းထုတ်ပါတယ်”လို့ ပြောပါတယ်။

VOA ကို ပုံမှန်ပြန်လည်ပတ်ဖို့ တရားရုံးက ဆုံးဖြတ်ထားပေမဲ့ လတ်တလောမှာ ဘာသာစကား ၄ ခုနဲ့ တနေ့မှာ အချိန်တနာရီပဲ အသံလွှင့်လုပ်ငန်းတွေကို လည်ပတ်နေတာပါ။

နောက်ရုံးချိန်းမှာ ၀န်ထမ်းတွေဘက်က မေးမြန်းသမျှကို အေဂျင်စီ အကြီးအကဲတွေဘက်က တရားရုံးမှာ တိုက်ရိုက်ပြန်ဖြေကြားဖို့ တရားသူကြီးက အစီအစဥ်ချမှတ်ခဲ့ပါတယ်။

VOA မြန်မာပိုင်း  အစီအစဉ်တင်ဆက်သူ ဒေါ်အင်ကြင်းနိုင်က “VOA နဲ့ပတ်သက်ပြီးတော့ သူတို့ဘယ်လိုတွေလုပ်ဆောင်ဖို့ရှိသလဲ၊ ဘယ်လိုအစီအစဉ်တွေဆောင်ရွက်နေပါသလဲဆိုတာကို တရားသူကြီးနဲ့ တရားရုံးက မေးထားတဲ့အတိုင်းကို သူတို့လုံးဝမဖြေနိုင်ဘူး။ သူတို့ဘာတွေရှေ့ဆက်ပြီးတော့ ဆောင်ရွက်မလဲဆိုတဲ့အစီအစဉ်မှာလဲသူတို့တွေက တရားသူကြီးကို မတင်ပြနိုင်ဘူးပေါ့။ တရားသူကြီးမေးထားတာက ၂၀၂၅ အတွက် လွှတ်တော်ကချပေးထားတဲ့ ဘတ်ဂျက် သန်း ၂၀၀ ကျော်ကျန်သေးတယ်။  ဒီသန်း ၂၀၀ ကျော်ကို ကယ်ရီလိခ်ဦးဆောင်နေတဲ့ အေဂျင်စီက ဘာတွေသုံးစွဲနေသလဲဆိုတာလည်း သူတို့ လုံးဝမဖြေရှင်းနိုင်ဘူး။ တရားသူကြီးက အဲ့ဒီမှာဘာပြောသွားလဲဆိုတော့ ဒါဟာ ပြည်သူတွေ ပေးနေတဲ့အခွန်တွေကို အေဂျင်စီက ဖြုန်းနေတယ်ဆိုပြီးတော့ သူကပြောသွားတယ်ပေါ့။ တကယ်တမ်း ကယ်ရီလိခ်က စွပ်စွဲထားတာက VOA ဟာ အမေရိကန်ရဲ့ပိုက်ဆံဖြုန်းနေတယ်။ ဒါကြောင့် သူတို့ကပိတ်ရမယ်ဆိုတာ၊ ဒါပေမဲ့ တကယ်တမ်းလုပ်နေတာက ကယ်ရီလိခ်တို့ ဖြစ်နေတယ်။ ဘတ်ဂျက်တွေရှိရဲ့သားနဲ့ ကျမတို့ကိုပေးထားပြီးတော့ အလုပ်မလုပ်ဘဲနဲ့ အိမ်မှာနေခိုင်းထားတာဟာ ဥပဒေကိုချိုးဖောက်တာလည်း ဖြစ်တယ်ပေါ့နော်”လို့ ပြောပါတယ်။

ထရမ့်ပ်အစိုးရဘက်က ရှင်းလင်းချက်တွေပေးဖို့ နောက်တကြိမ် ၂ ဖက်ကြားနာပွဲထပ်လုပ်မယ်လို့ တရားသူကြီးက ပြောဆိုထားပြီး ဘယ်နေ့မှာ ရုံးချိန်းပြန်ခေါ်မယ်ဆိုတာကိုတော့ အတည်မပြုရသေးပါဘူး။

သမ္မတထရမ့်ရဲ့အမိန့်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း VOA ဘက်ကတရားပြန်စွဲထားတဲ့အမှု ၂ ခုရှိခဲ့ပြီး တခုက လုပ်ငန်းပုံမှန်ပြန်လည်ပတ်နိုင်ရေးတောင်းဆိုချက်နဲ့ ဂျာနယ်လစ်တွေက စွဲထားတဲ့အမှု ဖြစ်ပါတယ်။

နောက်တခုက သမ္မတထရမ့်ပ်ရဲ့အမိန့်ဟာ လွှတ်တော်မှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ကျော်လွန်နေတာကြောင့် တရားမဝင်ကြောင်း VOA ဒါရိုက်တာက စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013