Home
မြန်မာသတင်း
VOA ဝန်ထမ်းများအား အလုပ်ထုတ်သည့်စာကို ပြန်ရုပ်သိမ်း
DVB
·
June 29, 2025
Photo: Reuters

VOA ဝန်ထမ်းတွေကို အလုပ်ထုတ်တဲ့စာကို ပြန်ရုပ်သိမ်းတယ်လို့ ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ USAGM က ထုတ်ပြန်လိုက်ပါတယ်။

ဇွန် ၂၀ ရက်နေ့က VOA ဝန်ထမ်း ၆၀၀ ကျော်ဆီပေးပို့ထားတဲ့ အလုပ်ထုတ်စာတွေကို ပြန်ရုပ်သိမ်းတယ်လို့ USAGM က ဒေသစံတော်ချိန် ဇွန် ၂၇ ရက်နေ့မှာ ဝန်ထမ်းတွေဆီကို စာတွေထပ်မံပေးပို့ခဲ့ပါတယ်။

အလုပ်ထုတ်စာတွေမှာ ဝန်ထမ်းတွေရဲ့အချက်အလက်တချို့မှားယွင်းတာ၊ အလုပ်ထုတ်စာပေးပို့တဲ့ လုပ်ထုံးလုပ်နည်း မမှန်ကန်တာတွေကြောင့် ပြန်ရုပ်သိမ်းတာဖြစ်ပြီး USAGM က သူတို့မူလရည်ရွယ်ထားတဲ့အတိုင်း ဝန်ထမ်း ၈၅ ရာခိုင်နှုန်းကို အလုပ်ကနေထုတ်ပယ်သွားမယ့် လုပ်ငန်းစဉ်အပေါ်မှာပဲရှိနေသေးတယ်လို့ VOA မြန်မာပိုင်းဝန်ထမ်းတယောက်က ပြောပါတယ်။

VOA မြန်မာပိုင်းရဲ့ အစီအစဉ်တင်ဆက်သူ မအင်ကြင်းနိုင်က “VOA က အရင်အတိုင်း လုပ်ခလစာနဲ့ ခွင့်ပြန်ပြီးတော့ပေးထားတယ် ဆိုတဲ့အနေအထားပြန်ဖြစ်သွားတယ်၊ ကျမတို့ VOA ဝန်ထမ်းတွေကို အကာအကွယ်ပေးထားတဲ့ အလုပ်သမားသမဂ္ဂရဲ့ထုတ်ပြန်ချက်ထဲမှာတော့ ဝန်ထမ်းတွေကို အလုပ်ထုတ်တဲ့စာမှာ အမှားတွေအများကြီးပါနေတယ်၊ အလုပ်ထုတ်တဲ့စာကလည်း လုပ်ထုံးလုပ်နည်းနဲ့မညီဘူး ဆိုပြီးတော့ ထောက်ပြတဲ့အတွက် အခုလို အစိုးရဘက်ကနေ သူတို့အလုပ်ထုတ်တဲ့ကိစ္စကို ပြန်ပြီးတော့ လုပ်ကိုင်ရတဲ့အခြေအနေကို ရောက်သွားတာပေါ့လေ။ အလုပ်ထုတ်တဲ့စာတွေကို ပြန်ပြီးတော့ရုပ်သိမ်းတာနဲ့ပတ်သက်ပြီးတော့ ကယ်ရီလိက်က အေဂျင်စီက သတ်မှတ်ထားတဲ့အတိုင်း ဝန်ထမ်းတွေ ၈၅ ရာခိုင်နှုန်းကို ဖြုတ်သွားမယ် ဆိုတာကိုတော့ အတိအကျပြောထားတယ်။ အလုပ်သမားသမဂ္ဂနဲ့ VOA ဝန်ထမ်းတွေကလည်း ဥပဒေနဲ့အညီ ပြန်ပြီးတော့ တိုက်သွားမယ်ဆိုတာလည်း အတိအကျပြောထားတဲ့အခါကျတော့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပဲလို့ ပြောရမှာပါ” လို့ ပြောပါတယ်။

တရားရုံးအမိန့်တွေကို အစိုးရဘက်ကလိုက်နာမှုရှိ၊ မရှိ ဒေသစံတော်ချိန် ဇွန် ၂၃ ရက်နေ့က ဒီစီခရိုင်တရားရုံးမှာ ဒုတိယအကြိမ် နှစ်ဖက်ကြားနာခဲ့ပြီး အစိုးရဘက်ကဆောင်ရွက်ချက်တွေဟာ ရှင်းလင်းမှုမရှိတဲ့အတွက် အသေးစိတ်ပြန်တင်ပြဖို့ ရုံးချိန်းပြန်ခေါ်ထားပေမယ့် အစိုးရရှေ့နေက ရုံးချိန်းကိုရက်ရွှေ့ဖို့ တရားရုံးကိုတောင်းဆိုထားပါတယ်။

ဇွန် ၂၃ ရက်နေ့ ကြားနာမှုအပြီးမှာ တရားရုံးက အမိန့်စာထုတ်ပြန်ခဲ့ပြီး USAGM က ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ငွေကြေးသုံးစွဲတာကစပြီး ဝန်ထမ်းတွေ လုပ်ငန်း ဘယ်လို လည်ပတ်နေတယ် ဆိုတဲ့အခြေအနေ၊ အဲဒီအခြေအနေတွေကို လွှတ်တော်ကို တင်ပြထားမှု စတာတွေကို တရားရုံးကို အသေးစိတ်တင်ပြဖို့  ဖော်ပြထားပါတယ်။

USAGM မှာ သမ္မတထရမ့်ခန့်အပ်ထားတဲ့ အကြီးတန်းအကြံပေး ကယ်ရီလိက်က VOA ဝန်ထမ်းတွေ စွဲဆိုထားတဲ့အမှုကို ဆိုင်းငံ့ထားဖို့ အဆိုတင်သွင်းထားတာကိုလည်း တရားရုံးက ပယ်ချခဲ့ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013