
VOA သတင်းဌာနနဲ့ပတ်သက်တဲ့အမှုအတွက် တရားရုံးအမိန့်ကို အမေရိကန်အစိုးရလိုက်နာမှုရှိမရှိ နှစ်ဖက်ကြားနာပွဲကို ဝါရှင်တန်ဒီစီ ခရိုင်တရားရုံးမှာ ဒေသစံတော်ချိန် ဇွန် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။
သမ္မတထရမ့်ပ် အစိုးရက VOA သတင်းဌာနကို ရပ်ဆိုင်းပြီး ဝန်ထမ်းတွေကို လစာနဲ့ ခွင့်ပေးထားတဲ့ လုပ်ရပ်ကို အမေရိကန်ပြည်ထောင်စု ဒီစီခရိုင်တရားရုံးက ပထမအကြိမ် နှစ်ဖက်ကြားနာမှု ပြုလုပ်ပြီးနောက် ဧပြီ ၂၂ ရက်မှာ အစိုးရအမိန့်ကို ပယ်ဖျက်ကြောင်း အမိန့်ထုတ်ခဲ့တာပါ။ တရားရုံးအမိန့်မှာ VOA လုပ်ငန်းတွေ ဆက်လည်ပတ်ရမယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ဒီအမိန့်တွေကို အစိုးရဘက်က လိုက်နာမှုရှိမရှိ ဒီစီခရိုင်တရားရုံးမှာ ဒုတိယအကြိမ် နှစ်ဖက်ကြားနာမှု ပြုလုပ်ခဲ့ပါတယ်။
တရားရုံးက လုပ်ငန်းတွေ ပြန်လည်ပတ်ရမယ်လို့ အမိန့်ထုတ်ထားပေမဲ့ ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ (USAGM) က ဇွန် ၂၀ ရက်မှာ ဝန်ထမ်း ၆၀၀ ကျော်ကို အလုပ်ထုတ်ကြောင်း စာပေးပို့ အသိပေးခဲ့ပါတယ်။
VOA မြန်မာပိုင်း အစီအစဉ်တင်ဆက်သူ မခင်ဖြူထွေးက “VOA မှာရှိတဲ့ ဝန်ထမ်းတွေရဲ့ ၈၅ ရာခိုင်နှုန်းကိုတော့ ဇွန်လ ၂၀ ရက်နေ့မှာ အလုပ်ရပ်နားတဲ့စာတွေကို ပို့လိုက်ပြီးပြီ ဖြစ်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့်တော့ VOA အစီအစဉ်တွေကို တဖက်အစိုးရဘက်ကတော့ လုံးဝကို အပြီးအပိုင်နီးပါး ဖျက်သိမ်းဖို့အတွက် ကြိုးစားတယ် ဆိုပြီးတော့ ရှေ့နေတွေက ပြောတဲ့အပေါ်မှာ အစိုးရရှေ့နေဘက်က ပြန်ပြီးတော့ လျှောက်လဲတာကတော့ မဟုတ်ဘူး၊ သူတို့သည် VOA အစီအစဉ်တွေကို ဆက်ပြီးတော့ လည်ပတ်နေတယ်၊ ရုပ်သံအစီအစဉ်တချို့လည်း ရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျမတို့ သိထားတဲ့ အခြေအနေအရကတော့ ရုပ်သံအစီအစဉ်တောင်မှပဲ မိနစ်ပိုင်းလေးလွှင့်ပြီးတော့ ပြန်ပျက်သွားတာမျိုး၊ လုံးဝကို လောလောဆယ်မှာ ရုပ်သံအစီအစဉ်ဆိုတာ မရှိဘူး၊ ရေဒီယိုအသံလှိုင်းတွေ မရှိဘူး။ အင်တာနက် အွန်လိုင်းပေါ်က နေပြီးတော့မှ သတင်းတချို့ကို ကြိုးကြားကြိုးကြား လွှင့်နိုင်တာကလွဲလို့ရှိရင် အသံလွှင့်နေတယ်လို့တော့ ကျမတို့က မသိရဘူးပေါ့နော်။ ဧပြီလတုန်းက တရားသူကြီး ချမှတ်ခဲ့တဲ့ အမိန့်အပေါ်မှာ လိုက်နာမှုမရှိဘူးဆိုတာကို ကျမတို့ဘက်က ရှေ့နေတွေက တင်ပြသလို တဖက်ကလည်း သူတို့ဘက်က ဆက်လုပ်နေပါတယ်၊ လိုက်နာမှုရှိပါတယ် ဆိုတာမျိုးနဲ့ ပြန်ချေပတဲ့ ကြားနာမှုပေါ့နော်။ ဒီအပေါ်မှာ အစိုးရဘက်ကနေပြီးတော့မှ အသေးစိတ်ပေါ့နော်၊ ဘယ်လိုပုံစံနဲ့ သူတို့လိုက်နာတယ် ဆိုတာကို အစီရင်ခံစာတင်ဖို့ တရားသူကြီးက နောက်လာမယ့် ဗုဒ္ဓဟူးနေ့ကို ချိန်းထားပါတယ်” လို့ ပြောပါတယ်။
ဇွန် ၂၃ ရက် ကြားနာမှုအပြီးမှာ တရားရုံးက အချက် ၃ ချက်ပါတဲ့ အမိန့်စာ ထုတ်ပြန်ခဲ့ပြီး ပထမအချက်အနေနဲ့ USAGM က ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာ ငွေကြေးသုံးစွဲတာကစပြီး ဝန်ထမ်းတွေ လုပ်ငန်းဘယ်လိုလည်ပတ်နေတယ် ဆိုတဲ့ အခြေအနေ၊ အဲဒီအခြေအနေတွေကို လွှတ်တော်ကို တင်ပြထားမှု စတာတွေကို ဇွန်လ ၂၇ ရက်နေ့မှာ တရားရုံးကို အသေးစိတ်တင်ပြဖို့ ဖော်ပြထားပါတယ်။
ဒုတိယအချက်အနေနဲ့ အစိုးရရှေ့နေတွေရဲ့ တင်ပြချက်ကို ဝန်ထမ်းတွေဘက်က ရှေ့နေတွေက ဇူလိုင် ၂ ရက်နေ့မှာ ပြန်လျှောက်လဲရမှာ ဖြစ်ပါတယ်။
တတိယအချက်ကတော့ USAGM မှာ သမ္မတထရမ့်ပ် ခန့်အပ်ထားတဲ့ အကြီးတန်းအကြံပေး ကယ်ရီလိက်ဘက်က VOA ဝန်ထမ်းတွေ စွဲဆိုထားတဲ့အမှုကို ဆိုင်းငံ့ထားဖို့ အဆိုတင်သွင်းထားတာကို တရားရုံးက ပယ်ချလိုက်တာ ဖြစ်ပါတယ်။
Save VOA အဖွဲ့မှ Jessica Jerreat က “ကျမက တရုတ်၊ ရုရှား၊ အီရန်အရေးတွေအထိ စောင့်ကြည့်နေခဲ့တာပါ။ အခုတော့ နားလည်မှုလွဲတဲ့ စစ်ဖြစ်မယ့် အခြေအနေကို ရောက်နေပါပြီ။ ကျမတို့ VOA က ယုံကြည်ထိုက်တဲ့အသံ ဖြစ်ခဲ့တာပါ။ အခုတော့ အရင်တုန်းကလို ထုတ်လွှင့်ခွင့်တွေ မရှိတော့ပါဘူး” လို့ ပြောပါတယ်။
ဒေသစံတော်ချိန် ဇွန် ၂၅ ရက်မှာ USAGM အကြီးတန်းအကြံပေး ကယ်ရီလိက်ဟာ အမေရိကန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ VOA နဲ့ပတ်သက်ပြီး အစီရင်ခံ ကြားနာဖို့ ရှိနေပါတယ်။
ဇွန် ၂၃ ရက် ဒုတိယအကြိမ် နှစ်ဖက်ကြားနာပွဲမှာတော့ အစိုးရအသုံးစရိတ် အနည်းဆုံးဖြစ်အောင် ဝန်ထမ်းနဲ့ လုပ်ငန်းတွေ လျှော့ချတာလို့ အစိုးရရှေ့နေဘက်က တင်ပြခဲ့ပေမဲ့ တိကျရှင်းလင်းမှု မရှိတာကြောင့် အချက်အလက် အသေးစိတ် ပြန်တင်ပြဖို့ တရားသူကြီးက အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
သုတချမ်းသာ