
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဟန်ဒုန်းမြို့နယ်ထဲမှာ မတ် ၈ ရက်က မြန်မာရွှေ့ပြောင်းလုပ်သား ၃ ယောက် ရပ်ပြီး စကားပြောနေကြစဉ် အသံကျယ်လောင်တယ်ဆိုပြီး ထိုင်းတယောက်က သေနတ်နဲ့ပစ်ခတ်လို့ တယောက် ဒဏ်ရာပြင်းထန်ပြီး သေဆုံးသွားပါတယ်။
မနေ့မနက် ၁၀ နာရီလောက်က ဟန်ဒုံးမြို့နယ်၊ နမ့်ဖရဲ့အုပ်စု၊ ဝိန်းဒုန့်ရပ်ကွက်ထဲမှာ သေနတ်ပစ်မှုဖြစ်ပွားပြီး ဒဏ်ရာရသူရှိကြောင်း အကြောင်းကြားချက်ရတာကြောင့် အရေးပေါ် လူနာကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဟန်ဒုံးမြို့နယ်ရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာ ကုန်စုံဆိုင်တဆိုင်ရှေ့မှာ တီရှပ်အနက်ရောင်၊ ဂျင်းဘောင်းဘီနဲ့ လူတယောက် ညာဘက်နဖူးမှာ ဒဏ်ရာနဲ့ သွေးအိုင်ထဲ လဲကျနေတယ်၊ ဒါကြောင့် ကယ်ဆယ်ရေးအဖွဲ့က ဆေးရုံကို အမြန်ဆုံး ပို့ဆောင်လိုက်ပါတယ်။
ကုန်စုံဆိုင်ပိုင်ရှင်က သူဟာ အမှိုက်ပစ်ဖို့ထွက်အလာ ဆိုင်ရှေ့မှာ လူ ၃ ယောက်ရပ်ပြီး စကားပြောနေတယ်၊ ခဏအကြာ သေနတ်သံတချက်ကြားလို့ လှည့်ကြည့်လိုက်တော့ လူတယောက် လဲကျသွားတယ်၊ ဒါကြောင့် ရဲစခန်းကို အကြောင်းကြားလိုက်တာလို့ ပြောပါတယ်။
တာဝန်ရှိသူတွေ စစ်ဆေးချက်အရ သေနတ်ပစ်ခံရသူမှာ အသက် ၃၃ နှစ်အရွယ်ရှိ စိုင်းစံမြင့် ဆိုသူ မြန်မာရွှေ့ပြောင်းလုပ်သား ဖြစ်တယ်၊ သေနတ်ကျည်ဆန်ဟာ တောင်ဘက်အရပ်က လာတယ် ဆိုတာကြောင့် ရဲတွေက အနီးနားတဝိုက်ကို စစ်ဆေးခဲ့ပါတယ်။
အဲဒီနောက် နေအိမ်တအိမ်က အသက် ၅၉ နှစ်အရွယ် နိုင်းဘွန်းပန်ကို သံသယဖြစ်တယ်၊ အဲဒီလူက ပစ်ခတ်မှုနဲ့ မပတ်သက်ကြောင်း အစပိုင်းမှာ ငြင်းဆိုတယ်၊ ရဲတွေက ရှာဖွေစစ်ဆေးမှု ပြုလုပ်တာမှာ အိမ်ဝင်းထဲက သစ်ပင်အောက်မှာ ဝှက်ထားတဲ့ ပွိုင့် ၂၂ မမ သေနတ်တလက်ကို တွေ့ရှိတယ်၊ အဲဒီနောက် နိုင်းဘွန်ပန်ကို အတင်းအကျပ် စစ်ဆေးတာမှာ နောက်ဆုံးမှာတော့ ကျူးလွန်ကြောင်း ဝန်ခံလိုက်ပါတယ်။
အဆိုပါ မြန်မာလုပ်သားတွေဟာ သူ့အိမ်ရှေ့မှာလာပြီး မကြာမကြာ ကျယ်လောင်စွာ စကားပြောလေ့ ရှိတာကြောင့် မြင်ပြင်းကတ်ပြီး ခြောက်လှန့်တဲ့သဘောနဲ့သာ ပစ်ခတ်ခြင်းဖြစ်တယ်၊ လူသတ်ဖို့ မရည်ရွယ်ဘူးလို့ ပြောသွားပါတယ်။
တာဝန်ရှိသူတွေကတော့ သူ့ကို လူသတ်ရန် ကြံစည်မှု၊ ခွင့်ပြုချက်မရဘဲ သေနတ်ကိုင်ဆောင်မှု၊ ခွင့်ပြုချက်မရဘဲ သေနတ်ပစ်ခတ်မှုတွေနဲ့ အရေးယူဖို့ ဟန်ဒုန်းရဲစခန်းမှာ ချုပ်နှောင်ထားပါတယ်။
သေနတ်ပစ်ခံရသူ စိုင်းစံမြင့်မှာ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ ကျွဲကုန်းရွာကဖြစ်ပြီး ပြင်းထန်တဲ့ ဒဏ်ရာကြောင့် သေဆုံးသွားပြီလို့ လူမှုကွန်ရက်တွေမှာ ဖော်ပြပါတယ်။
Source: Thairath TV


