
မတ် ၁ ရက်က ဖွင့်လှစ်လိုက်တဲ့ ထိုင်းအစိုးရအောင်ဘာလေထီ ပထမဆုပေါက်ဂဏန်း ၈၂၀၈၆၆ ကို ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတယောက် ကံထူးစွာ ပေါက်ပြီး ဆုငွေ ထိုင်းဘတ် ၆ သန်း ရရှိသွားပါတယ်။
အဆိုပါကံထူးရှင်မှာ မြန်မာနိုင်ငံ နေပြည်တော်နယ်မြေကဖြစ်ပြီး ထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ ၆ လကမှ ရောက်ရှိလာကာ ထိုင်းအလယ်ပိုင်း ဆုဖန်းပူရီခရိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပန်းရန်လုပ်နေတဲ့ လူငယ်တယောက်ဖြစ်တယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ MHAC အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။
ထီပေါက်သူလူငယ်က ဆုငွေထုတ်ယူရေးအတွက် ဆက်သွယ်အကူအညီတောင်းလာတာကြောင့် MHAC အဖွဲ့သားတွေက မနေ့က အဆိုပါဆုငွေကို ဘန်ကောက်မှာ သွားရောက်ထုတ်ယူပြီး လူငယ်လက်ထဲ တလုံးတခဲ ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ကံထူးရှင် လူငယ်ကလည်း MHAC အဖွဲ့ ရေရှည် ရပ်တည်နိုင်ရေးအတွက် ထိုင်းဘတ်ငွေ ၁၀၀,၀၀၀ ပြန်လည်လှူဒါန်းပေးခဲ့သလို MHAC အမာခံအဖွဲ့ဝင်တွေ MHAC ရုံးမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို လိုအပ်တာတွေ ထောက်ပံ့ကူညီပေးခဲ့တယ်။
အဆိုပါ လှူဒါန်းငွေတွေကို MHAC မှ ကိုယ်ကျိုးအတွက် အသုံးမပြုဘဲ ထိုင်းရောက်မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေးလုပ်ငန်းစဥ်တွေနဲ့ ရုံးအဖွဲ့ ဆက်လက်ရပ်တည်ရေးမှာ ပြန်လည်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
AAC နဲ့ MHAC မြန်မာလုပ်သားကူညီရေးအဖွဲ့အနေနဲ့ ပထမဆု ထီပေါက်မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ ဘေးရန်ကင်းကင်း အဆင်ပြေချောမွေ့စွာ ဆုငွေထုတ်နိုင်ရေး ကူညီဆောင်ရွက်ပေးနေတာမှာ ခုတခေါက်ပါဆိုရင် စုစုပေါင်း ၆၃ ယောက် ရှိသွားပြီဖြစ်ပြီး အဲဒီထဲမှာ နှစ်စောင်တွဲ (ဘတ် ၁၂ သန်း) ကံထူးရှင် ၈ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
Source: Ye Min (MHAC)


