Home
ဆောင်းပါး
ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အပြောင်းအလဲကြီး သုံးရပ်
DVB
·
March 8, 2026

ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွင်း အပြောင်းအလဲလို့ ဆိုလိုက်ရင် လေ့လာပြီး ရေးစရာ သုံးချက် ရှိတယ်၊ အသေးစိတ် ချဲ့ရေးမှာမဟုတ်ဘဲ ယေဘုယျ နားလည်လွယ်ပုံစံကိုပဲ ရေးမှာ ဖြစ်ပါတယ်။

  • မမြင်သာတဲ့ တပ်မှူးမျိုးဆက်အပြောင်းအလဲ 
  • မြင်သာတဲ့ တပ်ဖွဲ့စည်းမှု အပြောင်းအလဲ 
  • တနိုင်ငံလုံးစာ ကွပ်ကဲမှု အပြောင်းအလဲ

၁။ ၅ နှစ်အတွင်း ပထမမျိုးဆက်ကနေ ဒုတိယမျိုးဆက်ကို ရုတ်ခြည်း ပြောင်းလဲတာမျိုး မဟုတ်ဘဲ တရွေ့ရွေ့ ပြောင်းလဲလာတာ။ ပထမမျိုးဆက်ကို ဒုတိယမျိုးဆက်တွေနဲ့ချည်း ပြောင်းလဲ အစားထိုးလိုက်တာမျိုးတော့ မဟုတ်သေးဘူး။ ဒီလို ပြောင်းလဲနေတယ် ဆိုတာကိုလည်း မမြင်သာဘူး။ ပြည်သူလူထုလည်း သတိမထားမိဘူး၊ စစ်တပ်ကတော့ သတိထားမိချင် ထားမိလိမ့်မယ်။

ပထမမျိုးဆက် ဆိုတာ ဘယ်လိုမျိုးလဲ ပြောရရင် အညာမှာ ရရာတူမီးနဲ့ စတင်တိုက်ပွဲဝင်၊ တချို့က  တိုင်းရင်းသားဒေသတွေသွား၊  စစ်ပညာသင် တပ်ရင်းတွေ ထူထောင်ကြ တိုက်ပွဲကျဆုံး၊ တပ်က နုတ်ထွက် ဆိုတဲ့ တပ်မှူးတွေကို ဆိုလိုတာ။

၂၀၂၄-၂၀၂၆ ခုနှစ် ၂ နှစ်တာအတွင်းမှာ ဒုတိယမျိုးဆက် သန္ဓေတည်စ ပြုလာတယ်။ လိုအပ်တဲ့ အထက်အဆင့် စစ်ပညာရပ်တွေအတွက် ယခင် တပ်ခွဲမှူးဘဝ၊ စုမှူးဘဝ၊ ဒုရင်းမှူးဘဝကနေ သင်တန်းထပ်တက်ကြတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ တပ်မှူးသင်တန်း ၄ ခုသာ ရှိသေးတယ်။ တပ်ခွဲမှူးအပတ်စဥ် ၂ ခုနဲ့ တပ်မှူးသင်တန်း အပတ်စဥ် ၂ ခုလို့ တွေ့ရတယ်။

တပ်ခွဲမှူးအပတ်စဥ် ၂ ခုက ဒုတိယမျိုးဆက်မှာတင် ပိုစီနီယာကျတယ်လို့ ပြောရမယ်။ တပ်ခွဲမှူးသင်တန်း တက်သူတွေဟာ တိုက်ပွဲကျသူကျ၊ တပ်ရင်းမှူးသင်တန်း ဆက်တက်သူတက်၊ နုတ်ထွက်သူထွက် ဖြစ်ခဲ့တာ။

သင်တန်းဆင်းလာတဲ့ ရဲဘော်တွေဟာ ဆိုင်ရာတပ်ရင်းအသီးသီးမှာ တဆင့်မြင့်တာဝန် ဆက်ထမ်းဆောင်ရတာ များပါတယ်။ ခရိုင်ကွပ်ကဲရေးတွေမှာ တာဝန်ယူကြရတယ်။ ထို့နည်းတူ ပြစ်မှုကျူးလွန်တဲ့ တပ်မှူးတွေကို အရေးယူခဲ့၊ ဖယ်ရှားခဲ့တာတွေ ရှိတယ်။ မီဒီယာပေါ် သတင်းမတက်တာဘဲ ရှိတာ။ နုတ်ထွက်တဲ့ တပ်မှူးတွေ နေရာမှာ အောက်က ရဲဘော်တွေ ဆက်တာဝန်ယူတယ်။ ဒါက ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွင်း လိုအပ်ချက်အရ အလိုလိုကို ပြုပြင်ပြောင်းလဲရတာရှိသလို အမိန့်ညွှန်ကြားချက်နဲ့ ပြောင်းလဲတာဝန်ပေးရတာလည်း ရှိတယ် Hybrid Change လို့ ဆိုရမယ်။

သည်အပြောင်းအလဲမှာ ပထမမျိုးဆက်ကို ဒုတိယမျိုးဆက်နဲ့ အပြည့်အဝ ပြောင်းလဲလိုက်ပြီလို့ ဆိုလို့ မရပြန်ဘူး။ စစ်ရုံးချုပ်မှာလည်း မြေပြင်က ရဲဘော်တွေ သွားရောက် တာဝန်ထမ်းဆောင်မှု ရှိပေမဲ့ အပြည့်အဝ မဟုတ်ဘူး။ ထို့အတူ စစ်ရုံးချုပ်က ရဲဘော်တွေကလည်း မြေပြင်မှာ အပြည့်အဝရှိခဲ့သူတွေ မဟုတ်ဘဲ လိုအပ်ချက်အရကို ဒီတာဝန်တွေ ယူခဲ့ရတာ။ မြေပြင်က တပ်မှူးမျိုးဆက်နဲ့ စစ်ရုံးချုပ်က တာဝန်ရှိမျိုးဆက်ကြားမှာ သင့်တင့်မျှတစေမဲ့ ဆက်နွှယ်မှုတခု ရှိဖို့ရယ်၊ ညင်သာတဲ့ အပြောင်းအလဲအနေနဲ့ တချို့ အရာရှိချုပ်တွေ နုတ်ထွက်ရတာ၊ ဒုတိယအရာရှိချုပ် ခန့်အပ်တာ၊ G1 G2 အပြောင်းအလဲတချို့ရှိတာလေးတွေတော့ တွေ့ရတယ်။

၂။ နောက်အပြောင်းအလဲ ဖြစ်တဲ့ တပ်ဖွဲ့စည်းမှု အပြောင်းအလဲကတော့ မြင်သာမှုရှိတယ်။ ပြည်သူလူထုလည်း သိနေတာပဲ။ တပ်ရင်းသစ်တွေ တိုးချဲ့ဖွဲ့စည်းတာ။ တိုင်းစစ်ဌာန ၁၀ ခုထိ တိုးချဲ့လာခဲ့တာ။ အထူးလှုပ်ရှားတပ်မ ဖွဲ့စည်းမှု၊ အထူးတပ်ရင်းကြီး ဖွဲ့တာတွေအပြင် အင်အားမပြည့်မီတဲ့ တပ်ရင်းတွေကို လိုအပ်ချက်အရ အောက်တပ်မှူးတွေက စုပြီး တပ်ရင်းသစ် ပြန်ဖွဲ့တာ။ အမိန့်ညွှန်ကြားချက်အရ ဗျူဟာတွေ ဖွဲ့တာ စသဖြင့် အမျိုးမျိုးသော တပ်စုဖွဲ့မှုပုံစံမျိုး အသစ်ဖွဲ့စည်းမှုမျိုးတွေ တော်တော်လေး ကျယ်ပြန့်ခဲ့တယ်။ 

၃။ ကွပ်ကဲမှု အပြောင်းအလဲကတော့ တပ်ဖွဲ့စည်းပုံ အပြောင်းအလဲနဲ့အတူ ပြောင်းလဲလာခဲ့တယ်လို့ ဆိုနိုင်တယ်။ စစ်ဌာနအသစ်တွေ ဖွင့်လှစ်တာနဲ့အတူ တပ်တွေဟာ PDF စစ်ရုံးချုပ် ကွပ်ကဲမှုအောက်ကို တဖြည်းဖြည်းရောက်လာခဲ့တယ်။ အရင်ကတော့ C3C နဲ့ J2C လို KIA၊ KNU ပါဝင်တဲ့ ကွပ်ကဲမှုစနစ်တွေအောက်မှာ PDF တပ်ရင်းတွေကို ထည့်ထားခဲ့ရတာ ကာကွယ်ရေးဝန်ကြီးဌာန ရှိပေမဲ့ တပ်တွေကို မကိုင်နိုင်ဘူး။ တပ်တွေကို ကိုင်နိုင်ဖို့ရာနဲ့ ERO ကွပ်ကဲမှုအောက်က တပ်တွေကို လွှဲပြောင်းကွပ်ကဲမှုရယူဖို့ရာ PDF စစ်ရုံးချုပ်ကို ဖွဲ့စည်းကြရတယ်။ အခုကတော့ ERO ကွပ်ကဲမှုအောက်က တပ်အနည်းအကျဥ်း ရှိသေးပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တရပ်လုံးနီးပါးဟာ NUG၊ MOD ရဲ့ ကွပ်ကဲမှုအောက်ကို ရောက်ပြီလို့ ဆိုနိုင်တယ်။ ဒါက ဘာကို ပြသနေလဲဆိုရင် PDF ဟာ ကိုယ့်ကွပ်ကဲမှုနဲ့ ကိုယ် ရပ်တည်နိုင်သွားပြီ ဖြစ်ကြောင်းနဲ့ အမိန့်ပေးကွင်းဆက် ခိုင်မာပြီဖြစ်ကြောင်းပါပဲ။ 

ဒီအပြောင်းအလဲတွေက လွယ်လွယ်ပြောင်းလဲနိုင်ခဲ့တာ မဟုတ်ဘဲ ပြည်သူလူထု လိုလားချက်နဲ့အညီ အပြင် ခဲရာခဲဆစ် ပြောင်းလဲခဲ့ရ၊ နားလည်ညီညွတ်မှု တည်ဆောက်ခဲ့ကြရခြင်းရဲ့ အသီးအပွင့်တွေ ဖြစ်ပါတယ်။

မောင်မိုးမာန်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013