
နှစ်တချို့ကြာလို့ရှိရင် သတင်းစာပညာရဲ့ အခြေခံကျတဲ့ ဥပဒေသတခုအဖြစ် ကျနော် ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးရပါတယ်။ ဆင်တကောင်ပျံလာတယ်လို့ သင်တွေ့တယ်ဆိုပါစို့။ တွေ့ရင် ရယ်မနေလိုက်ပါနဲ့။ မှတ်တမ်းသာ တင်ထားလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက ဆင်တကောင်ပျံလာတာကို မြင်ရင် တခုခုတော့ အတော့်ကို ထူးခြားတာ၊ ကျနော်တို့ နားမလည်နိုင်တာတွေ ဖြစ်ပျက်နေပါပြီ။ ဒါပေမဲ့ သင့်စာဖတ်သူတွေကတော့ နားလည်နိုင်ပါ လိမ့်မယ်။
ဒီအယူအဆကို အခုအချိန်အထိ ကိုင်စွဲထားဆဲပါပဲ။ အထူးသဖြင့် သမ္မတထရမ့်ပ်အစိုးရရဲ့ ပြီးခဲ့ တဲ့ရက်သတ္တပတ်က ထုတ်ပြန်ခဲ့တဲ့ စာမျက်နှာ ၃၃ မျက်နှာပါ ‘အမျိုးသားလုံခြုံရေး မဟာဗျူဟာ’ ကို တုံ့ပြန်တဲ့အခါ ဖြစ်ပါတယ်။ ဒီစာတမ်းက အတော့်ကို မှတ်မှတ်သားသား လေ့လာရမဲ့ကိစ္စပါ။ စစ်အေးတိုက်ပွဲကာလက လွဲရင်၊ တခြားသော ကာလတွေထက် ရုရှားနဲ့ တရုတ်က ပထဝီနိုင်ငံရေး ပြိုင်ဘက်တွေအဖြစ် ပိုလို့ ပြင်းထန်လာနေတဲ့ကာလပါ။ ဒီအချိန်မှာ အခုစာတမ်းကို ထုတ်ပြန်လာခဲ့တာကြောင့်ပါ။ မော်စကိုနဲ့ ဘေဂျင်းမှာရှိတဲ့ အစိုးရတွေက ပိုလို့ပိုလို့ မဟာမိတ်ဖွဲ့နီးစပ်လာပြီး အမေရိကန်ကို အန်တုဆန့်ကျင်နေကြပါတယ်။ ၂၀၂၅ ခုနှစ်အတွက် သမ္မတထရမ့်ပ်ရဲ့ အမျိုးသားလုံခြုံရေး အယူအဆက ဒီလို ပထဝီနိုင်ငံရေးပြိုင်ဘက် ၂ ဦးအကြောင်း မဆိုစလောက်ပဲ ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာက ကမ္ဘာတဝန်းက ယူအက်စ်ရဲ့ အကျိုးစီးပွားတွေအကြောင်း ဆန်းစစ်ထားပါတယ်။ ကျနော့်အတွက် အထူးတလှယ် စိတ်ဝင်စားစူးစမ်းဖွယ် ဖြစ်တာက ဥရောပက မဟာမိတ်တွေကို၊ ဥရောပသမဂ္ဂကို ဘယ်လိုပြောထားသလဲပေါ့။ အဲဒီမှာ ကျနော်တို့ရဲ့ ဒီမိုကရေစီ မောင်နှမတွေရဲ့ လှုပ်ရှားမှုတွေကို ကိုးကားဖော်ပြထားရာမှာ “နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ အချုပ်အခြာအာဏာကို လှိုက်စားခံနေရတယ်။ လူဝင်မှု မူဝါဒတွေက ဒီကမ္ဘာ့တိုက်ကြီးကို ပုံစံအသွင်ပြောင်းစေပြီး၊ ပြဿနာ ဖြစ်လာစေတယ်။ လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်ကို ဆင်ဆာကန့်သတ်မှုတွေနဲ့ နိုင်ငံရေး အတိုက်အခံတွေကို ဖိနှိပ်မှုတွေ ရှိနေတယ်။ ကလေးမွေးနှုန်းကို ကျဆင်းစေပြီး၊ အမျိုးသား သရုပ်လက္ခဏာတွေရော၊ မိမိကိုယ်ကို ယုံကြည်မှုပါ ကျဆင်းလာနေတယ်” လို့ ဖော်ပြထားပါတယ်။
“ဒီလို ဖြစ်တန်ခြေ လားရာတွေဟာ ဖြစ်နေသင့်ပါသလား” ဆက်လက်ဖော်ပြထားရာမှာ “ဒီကမ္ဘာ့တိုက်ကြီး (ဥရောပ) ဟာ လာမဲ့ နှစ် ၂၀ ဒါမှမဟုတ် ပိုနည်းတဲ့ကာလမှာ မှတ်မိနိုင်ဖွယ် မရှိတော့ဘူး” လို့ ဆိုထားပါတယ်။
အမှန်ဆိုရရင်၊ အခု မဟာဗျူဟာစာတမ်းက သတိပေးထားပါတယ်။ အကယ်၍ ဥရောပမဟာမိတ်တွေက“မျိုးချစ်” အမျိုးသားရေးပါတီတွေကိုသာ ပိုလို့ ရွေးကောက်တင်မြှောက်မှု မလုပ်ခဲ့ဘူးဆိုရင်၊ လူဝင်မှုရပ်တန့်ရေး ပြင်းပြင်းထန်ထန် မလုပ်ဘူးဆိုရင် ဥရောပတိုက်က “လူ့ယဉ်ကျေးမှု ပျက်သုဉ်းရမှု” (civilizational erasure) နဲ့ ကြုံရမယ်လို့ ဆိုပါတယ်။ စာအားဖြင့် ဖော်ပြမထားပေမဲ့လည်း ဆိုလိုတာက သူတို့ (ထရမ့်ပ်) က မင်းတို့တွေရဲ့ ဒီမိုကရေစီအရည်အသွေးနဲ့ ဆုံးဖြတ်မှာမဟုတ်ဘူး။ ဥရောပတောင်ပိုင်းကို မွတ်စလင်နိုင်ငံတွေက စီးဝင်နေတဲ့ လူကူးပြောင်းဝင်ရောက်မှုအပေါ် ဘယ်လောက်တင်းကျပ်သလဲ- မတင်းကျပ်ဘူးလဲဆိုတာနဲ့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဒီကိစ္စက ဘယ်သူမှ လျစ်လျူမရှုထားသင့်တဲ့ ဆင်ပျံကြီးပါပဲ။ ဖော်ပြချက်တွေက အရင်ယူအက်စ် အမျိုးသားလုံခြုံရေး စစ်တမ်းမှာ မဖော်ပြဘူးတဲ့ ဘာသာစကားတွေပါ။ ကျနော့်စိတ်ထဲမှာတော့ ဒုတိယအကြိမ်မြောက်တက်လာတဲ့ သမ္မတထရမ့်ပ်အစိုးရရဲ့ စိတ်တွင်းမှာ ရှိနေတဲ့ နက်ရှိုင်းတဲ့အမှန်တရားကို ဖော်ပြနေပါတယ်။ အမေရိကန်နိုင်ငံရဲ့ တတိယအကြိမ်မြောက် ပြည်တွင်းစစ်ကို ဆင်နွှဲဖို့ ဝါရှင်တန်ကို သူ ဘယ်လောက်ကြိုးပမ်းလာရသလဲဆိုတာ ဖော်ပြနေပါတယ်။ အနောက်ကမ္ဘာရဲ့ အသစ်သော စစ်အေးတိုက်ပွဲကို ဆင်နွှဲဖို့ မဟုတ်ပါဘူး။ မှန်ပါတယ်။ ကျနော့်အမြင်မှာတော့ ကျနော်တို့က ‘အိမ်’ လို့ ခေါ်နေကြတဲ့ နေရပ်မှာ ပြည်တွင်းစစ်အသစ်ထဲ ကျရောက်နေပါပြီ။
ပထမအချက်အနေနဲ့ ကျနော်တို့က ‘အိမ်’လို့ ခေါ်နေကြတဲ့ နေရာဌာနကို အလျင်အမြန် လမ်းကြောင်းပြောင်းကွင်းရှောင် detour သွားကြဖို့ပါပဲ။ ဒီနေ့ကာလမှာ အကျပ်အတည်းတိုင်းကို လျှော့ချနိုင်ဖို့ ဖြစ်တန်ခြေ ရှိပါတယ်။ ပျင်းရိငြီး ငွေ့ဖွယ်ကောင်းတဲ့ ဘောဂဗေဒ တိုင်းတာမှုတွေကနေ၊ နိုင်ငံရေး ဒါမှမဟုတ် စစ်ရေး ကစားပွဲတွေရဲ့ စက်ယန္တရားဆန်တဲ့ ချက်စ်ခုံ (chessboard) တွေ၊ ဒါမှ မဟုတ် ဝါဒရေးရာ သဘောထားကြေညာစာတမ်းတွေ အထိပါပဲ။ သေချာတာက အားလုံးမှာ သက်ဆိုင်ပတ်သက်မှုတွေ ရှိကြပါတယ်။ ကျနော်က သတင်းစာဆရာတဦးအဖြစ် လုပ်တာ ကြာလေလေ၊ ကျနော်တွေ့ တွေ့လာရတာက ပုံပြင်ဇာတ်လမ်းတခုကို သော့ချက်ဖြေ စတင်ဖို့ ပိုကောင်းတာက စိတ်ပညာဆိုင်ရာနဲ့ မဏုသဗေဒ ပညာရပ်နယ်ပယ်တွေက ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ချက်တွေ ပိုကောင်းတာက အခြေခံကျတဲ့ ကျနော်တို့ ရပ်တည် တည်ရှိနေရတဲ့ အင်အား (primal energies) တွေ၊ စိုးရိမ်ပူပန်မှုတွေ၊ မျှော်လင့်အားထားမှုတွေကို ဖော်ထုတ်နိုင်တာပါပဲ။ အဲဒီကနေ အမျိုးသားနိုင်ငံရေးနဲ့ ကမ္ဘာ့ပထဝီနိုင်ငံရေးကို ပုံဖော်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက သူတို့ ဘာလိုချင်တယ် ဆိုတာကို ဖော်ထုတ်၊ ပုံဖော်ပြတာထက် သူတို့ရဲ့ စိုးရိမ်ကြောက်လန့်မှုနဲ့ သူတို့တကိုယ်ရည်တည်း ဘယ်လို ဆုတောင်းနေတယ်၊ ဘာကြောင့် ဆိုတာပါ သိရှိနိုင်ပါတယ်။
ဒီနေရာမှာ ၁၈၆၀ ပြည့်နှစ်များက ဖြစ်ခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ်ကို ပြန်သွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံသားအခွင့်အရေး လှုပ်ရှားရုန်းကန်မှုကြီးမှာ ကျနော် ကလေးတဦးအဖြစ် ရှိခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်များက နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုတွေနဲ့ မာတင်လူသာကင်း ဂျူနီယာ လုပ်ကြံခံရမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ တတိယအကြိမ် ပြည်တွင်းစစ်မှာတော့ သေချာတာက ကျနော်ဟာ တာဝန်ရှိနေပါပြီ။ အခုတကြိမ်မှာလည်း အရင်က ပြည်တွင်းစစ် နှစ်ခုလို မေးခွန်းတွေ ရှိနေပါတယ်။ “ဒီနိုင်ငံက ဘာဖြစ်ဖြစ် ဘယ်သူ့နိုင်ငံပါလဲ” ဆိုတာနဲ့ “ကျနော်တို့ရဲ့ အမျိုးသားရေးနေအိမ်မှာ ဘယ်သူက ‘အိမ်’အဖြစ် ခံစားကြရမှာပါလဲ”။ အခု ပြည်တွင်းစစ်ကတော့ ပြီးခဲ့တဲ့ နှစ်ခုထက်စာရင် အကြမ်းဖက်မှု ပိုနည်းပါးဖွယ်ရာ ရှိပါတယ်။ ဒါပေမဲ့ ပြောဖို့ စောပါသေးတယ်။
လူသားတွေက ကြံ့ကြံ့ခံနိုင်စေပြီး ဖွဲ့စည်းပုံတခုအရ အိမ်အတွက် လိုအပ်ကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အမိုးအကာတခုသာ မဟုတ်ဘဲ အိမ်ဆိုတာ စိတ်ပိုင်းဆိုင်ရာအရ ကျောက်ချရပ်နားရာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ လမ်းညွှန်နိုင်တဲ့ သံလိုက်အိမ်မြှောင်တခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒေါ်ရသီက “အုဇ် မှော်ဆရာ” (The Wizard of Oz) (ကျနော့် အကြိုက်ဆုံး ရုပ်ရှင်) မှာ ပြောခဲ့တာပါ။ “အိမ်နဲ့တူတဲ့အရာ ဘယ်ဟာမှမရှိ” လို့ ဆိုခဲ့ပါတယ်။ လူတွေက သူတို့အိမ်ဆိုတဲ့ စိတ်ခံစားမှု ကင်းမဲ့သွားတာနဲ့ (စစ်ကြောင့်ဖြစ်စေ၊ ရုတ်ချည်း စီးပွားရေးအပြောင်းအလဲကြောင့် ဖြစ်စေ၊ ယဉ်ကျေးမှု အပြောင်းအလဲ ဖြစ်လို့ ဖြစ်စေ၊ လူဦးရေအပြောင်းအလဲကြောင့် ဖြစ်စေ၊ ဥတုဖောက်ပြန် ပြောင်းလဲမှု ဒါမှမဟုတ် နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် ဖြစ်စေ) သူတို့ လူတွေအတွက် ကမ္ဘာ့ဆွဲအား ဗဟိုချက်မ ကင်းလွတ်သွားသလို ပါပဲ။ သူတို့ဟာ တိုနေဒိုး မုန်တိုင်းကြီးထဲ လွင့်ပါသွားသလို ခံစားရပါလိမ့်မယ်။ ကောက်ရိုးတမျှင်ဆွဲသလို နည်းနည်းတည်ငြိမ် ခိုင်မြဲမဲ့ကိစ္စကို မလွတ်တမ်း ဆုပ်ကိုင်ထားတော့မှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ သူတို့က နည်းနည်းခိုင်မာတယ်လို့ ယူဆတဲ့ ခေါင်း ဆောင်တဦးဦးလည်း အပါအဝင် ဖြစ်ပါတယ်။ သူတို့က အိမ်လို့မြင်ထားတဲ့အရာနဲ့ ဆွဲစပ်ဆုပ်ကိုင်ထားမှာပါ။ ဒါပေမဲ့လည်း ဒီခေါင်းဆောင်က ဘယ်လောက် အတုအယောင် လူလိမ်၊ အလားအလာတွေက ဘယ်လောက်ဖြစ်နိုင်-မဖြစ် နိုင် မကြည့်နိုင်တော့ပါဘူး။
ဒီအချက်ကို နောက်ခံအနေနဲ့ စဉ်းစားရင် ကျနော်က ပြီးခဲ့တဲ့ နှစ် ၄၀ ကာလမှာ အမေရိကားတလျှောက်၊ ကမ္ဘာတဝန်း ကျနော် ခရီးထွက်ခဲ့တဲ့အဖြစ်မျိုး နောက်တကြိမ်ကို မမှတ်မိနိုင်တော့ပါဘူး။ လူအများက မေးခွန်းတခုပဲ မေးခဲ့ကြပါတယ်။ “ဒီ နိုင်ငံက ဘယ်သူ့နိုင်ငံလဲ” ဆိုတာပါ၊ ဒါမှမဟုတ် အစ္စရေးရဲ့ လက်ျာစွန်းဝန်ကြီး အီတမာဘင်ဂဗာရဲ့ ဟီဘရူးဘာသာနဲ့ မဲဆွယ်ဆိုင်းဘုတ်မှာ ပြောခဲ့သလို “ဒီနေရာမှာ ဘယ်သူ အိမ်ရှင်ပါလဲ”။ သူက ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ် ပိုစတာကြီးမှာ အဲသလို မေးခွန်းထုတ်ခဲ့တာပါ။
ဒီအဖြစ်က ရုတ်တရက် တိုက်ဆိုင်မှုတခု မဟုတ်ပါဘူး။ ဒီနေ့ကာလမှာ လူတွေက သူတို့မွေးရပ်ဇာတိထက် ပြင်ပနိုင်ငံတခုမှာ အရင်သမိုင်းကာလမှာ ရှိခဲ့တာထက် ပိုများလို့ နေထိုင်နေကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းအခြေချနေထိုင်သူ ၃၀၄ သန်း ရှိပါတယ်။ တချို့က အလုပ်ရှာကြတယ်။ တချို့က ပညာရှာဖွေကြတယ်။ တချို့က ပြည်တွင်းပဋိပက္ခတွေကနေ လုံခြုံရာကို ရှာဖွေကြတယ်။ တချို့ကတော့ မိုးခေါင်ရေရှားတာ၊ ရေကြီးတာ၊ သစ်တောပြုန်းတီးတာတွေကနေ ထွက်ပြေးလာကြတာ ဖြစ်ပါတယ်။ ကျနော်တို့ ကမ္ဘာခြမ်းမှာတော့ ယူအက်စ် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာနရုံး အစီရင်ခံစာတွေအရ ၂၀၂၃ ခုနှစ်မှာ သမိုင်းကာလနဲ့မတူ လူဝင်မှုပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ Pew Research Center ရဲ့ ခန့်မှန်းချက်အရ အမေရိကမှာ တရားမဝင်ရှိနေတဲ့ လူဦးရေက အဲဒီနှစ်မှာ ၁၄ သန်း တိုးလာနေတယ်လို့ ဆိုပါတယ်။ နှိုင်းယှဉ်ချက်အရ ဆယ်စုကြာ တည်ရှိနေတဲ့ တည်ငြိမ်မှုကို ချိုးဖျက်လိုက်တာပါပဲ။
ဒါပေမဲ့ ကူးပြောင်းအခြေချ လူဝင်မှုပြဿနာတခုတည်း မဟုတ်ပါဘူး။ အမေရိကရဲ့ တတိယပြည်တွင်းစစ်က စစ်မျက်နှာပေါင်းစုံမှာ တိုက်ခိုက်ရမှာပါ။ စစ်မျက်နှာတခုက လူဖြူတွေ (အထူးသဖြင့် ခရစ်ယာန် အမေရိကန် လူများစုတွေ) က လူနည်းစုတွေ လွှမ်းမိုးဩဇာကြီးလာတဲ့ အမေရိကကို ခုခံဆန့်ကျင်နေကြပါတယ်။ ဒီအချက်ကတော့ အခုအခါ စုဆောင်းလာနေဆဲ ဖြစ်ပြီး ၂၀၄၀ ပြည့်နှစ်များ အနာဂတ်ချိန်ချိန်တော့ ဖြစ်လာမှာပါ။ လူဖြူအမေရိကန်တွေမှာ ကလေးမွေးနှုန်း ကျဆင်းလာတာက တကြောင်း၊ ဟစ်စပန်းနစ်၊ အာရှ၊ လူမျိုးစုံ အမေရိကန် လူဦးရေက တိုးတက်လာနေတာ တကြောင်းကြောင့်ပါ။
နောက်စစ်မျက်နှာတခုကတော့ လူမည်း အမေရိကန်တွေ ဖြစ်ပါတယ်။ သူတို့က ‘အိမ်’ လို့ ခေါ်ဆိုနိုင်ဖို့ နေရာမှာ နံရံအသစ်တွေ မြင့်မား တည်ဆောက်လာတာကို ရုန်းကန်နေကြရပါတယ်။ အဲဒါအပြင် သူတို့ကိုယ်သူတို့ အမေရိကန်လို့ ခေါ်ဆိုနေကြတဲ့ တည်ငြိမ်နိုင်ဖို့ ကြိုးပမ်းနေကြတဲ့ နောက်ခံပေါင်းစုံနဲ့ သူတွေလည်း ရှိပါတယ်။ သူတို့က အခုအပတ်အတွင်း တွေ့လာရတဲ့ ယဉ်ကျေးမှုလှိုင်းလုံးကြား ရုန်းကန်နေကြရပါတယ်။ ကိုယ်ပိုင်ကြန်အင် လက္ခဏာ၊ အိမ်သာကစလို့၊ typeface လို့ခေါ်တဲ့ အမျိုးအစာ ကွဲပြားမှုတွေအထိ၊ အဲဒါအပြင် လူအများကြား တွေ့ကြရင် တယောက်ကိုတယောက် ဘယ်လို အသိအမှတ်ပြုကြရမလဲဆိုတဲ့ ပြဿနာတွေ အသစ်သော မျှော်လင့်ချက်တွေကြား ရုန်းကန်နေကြရသူတွေပါ။
နောက်စစ်မျက်နှာတခုကတော့ နည်းပညာပြောင်းလဲမှုရဲ့ မရပ်မနားပြင်းထန်စွာ တိုက်ခတ်နေတဲ့ လေစီးကြောင်းများ ဖြစ်ပါတယ်။ အသစ်သော အေအိုင်အသိဉာဏ်တု (AI) က မောင်းနှင်နေပါပြီ။ လူတွေက သူတို့ခြေကို ခိုင်ခိုင်မချနိုင်မီ လုပ်ငန်းခွင်တွေထဲမှာ အပြောင်းအလဲတွေကို ဖန်တီးနေပါပြီ။ ပဉ္စမမြောက် စစ်မျက်နှာကတော့ လူမျိုးစုံရဲ့ လူငယ် အမေရိကန်တွေ ဖြစ်ပါတယ်။ လူမျိုးတိုင်း၊ ယုံကြည်ကိုးကွယ်မှုတိုင်း၊ အသားအရောင်တိုင်းက တော်သင့်ရုံ အိမ်ငယ်လေးတလုံး ပိုင်ဆိုင်ရရှိနိုင်ဖို့တောင် ခက်ခဲနေပါပြီ။ ရေရှည် ကျောက်ချစွဲမြဲလာခဲ့တဲ့ ‘အမေရိကန် အိပ်မက်’ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဆိပ်ကမ်းကို ရိုက်ခတ်မှု ရှိနေပါပြီ။
ကျနော် အာရုံရတာကတော့ သန်းနဲ့ချီတဲ့ အမေရိကန်တွေဟာ မနက်ခင်းတိုင်းမှာ နိုးထလာကြရာမှာ လူမှုရေး ဖော်ပြထားချက် (social script) တွေက သေချာမနေတော့ပါဘူး။ စီးပွားရေးအရ မြင့်တက်ဖို့ လှေကားတွေလည်း မြင်မနေရဘူး။ ဒါမှမဟုတ် ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှုတွေ ကလည်း သူတို့အိမ်မှာ ကျင့်သုံးနေတာနဲ့ အိုကေနေတယ် မခံစားကြရပါဘူး။ သူတို့က စိတ်ပိုင်းဆိုင်ရာအရ ‘အိုးအိမ်မဲ့’ တွေ ဖြစ်နေကြပါတယ်။
ဒေါ်နယ်ထရမ့်ပ်က မက္ကဆီကိုနိုင်ငံနဲ့ နယ်စပ်မှာ နံရံတံတိုင်း တခုတည်ဆောက်တဲ့အခါ သူ့ရဲ့ပထမဦးဆုံး ကမ်ပိန်းရဲ့ ပင်မရည်ရွယ်ချက်က သန်းနဲ့ချီသော အမေရိကန်တွေအဖို့ သူတို့မှာ တာဝန်နှစ်ခု၊ နှစ်ဆ ရှိနေတယ်ဆိုတာ သူ့ဝမ်းတွင်းသိစိတ် နဲ့ စကားလုံး ရွေးချယ်ဖော်ပြခဲ့တာပါပဲ။ “နံရံတံတိုင်း” ဆိုတာက မထိန်းချုပ်နိုင်တဲ့ လူပြောင်းရွှေ့ဝင်ရောက်မှုအတွက် ရုပ်ပိုင်းဆိုင်ရာ အတားအဆီး ဖြစ်ပါတယ်။ အဲဒီ အခြေအနေကနေ အမေရိကမှာ လူနည်းစု-လူများစု ပြဿနာဖြစ်ဖို့ အလျင်အမြန် အရှိန်ဖြည့်ဆည်းနေပြီး အသွင်ကူးပြောင်းမှု ဖြစ်နေစေပါတယ်။ ဒါ့အပြင် အဲဒီတံတိုင်းက အပြောင်းအလဲရဲ့ အရှိန်နဲ့ အတိုင်းအဆကို တားဆီးဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။ ဆိုလိုတာက ယဉ်ကျေးမှု၊ ဒစ်ဂျစ်တယ်၊ မျိုးဆက်အပြောင်းအလဲ လှိုင်းဝဲဂယက်တွေပါ။ ဒါတွေက ကျနော်တို့ နေ့စဉ်ဘဝတွေကို ပုံသွင်းနေပါတယ်။
ဒီအချက်က ကျနော့်အဖို့တော့ ထရမ့်ပ်ရဲ့ အမျိုးသား လုံခြုံရေးမဟာဗျူဟာအတွက် နက်ရှိုင်းတဲ့ နောက်ခံကားချပ် ဖြစ်ပါတယ်။ သူက ဒီမိုကရေစီရေး ရှေ့တန်းစစ်မျက်နှာတွေကို ကာကွယ်ဖို့၊ ချဲ့ထွင်နိုင်ဖို့ စစ်အေးတိုက်ပွဲ ပြန်ဆင်နွှဲဖို့ စိတ်မဝင်စားပါဘူး။ ကျနော့်အမြင်မှာတော့ သူက လူ့ယဉ်ကျေးမှုစစ်ပွဲကြီးကို တိုက်ခိုက်ဖို့ စိတ်ဝင်စားနေပါတယ်။ အမေရိကန်တွေအတွက် “အိမ်” နဲ့ ဥရောပအတွက် “အိမ်” အတွက်၊ ခရစ်ယာန်၊ ဂျူး ယုံကြည်ကိုးကွယ်မှုနဲ့ လူမျိုးရေး အသားပေးလို့ စစ်ဆင်နွှဲချင်နေတာပါ။ ဒီစစ်ပွဲမှာ ဘယ်သူတွေက မဟာမိတ် ဖြစ်မှာပါလဲ။ ဘယ်သူတွေက မဟာမိတ် မဖြစ်နိုင်ဘူးလဲ။
The economics ဂျာနယ်ရဲ့ ဆောင်းပါးရှင် နိုအာစမစ်က အခုအပတ် သူ့ရဲ့မီဒီယာကဏ္ဍမှာ ဆွေးနွေးတာက MAGA (ကြီးမြတ်သော အမေရိက) လှုပ်ရှားမှုက အနောက်ဥရောပကို စတင်ကျောခိုင်းလာပါတယ်။ ဒီလိုဖြစ်တာ အစပျိုး အပြင် ဗလာဒီမာ ပူတင်ရဲ့ ရုရှားနဲ့ ပိုနီးကပ်လာပါတယ်။ အဓိကအကြောင်းက ထရမ့်ပ်ရဲ့ ထောက်ခံသူ နောက်လိုက်တွေက ပူတင်ဟာ လူဖြူခရစ်ယာန် အမျိုးသားရေးဝါဒ၊ ရိုးရာစဉ်လာ တန်ဖိုးထားမှုတွေကို အနောက် ဥရောပနိုင်ငံတွေထက်စာရင် ခိုင်ခိုင်မာမာ ခုခံကာကွယ်ပေးနေသူလို့ မြင်ကြလို့ပါပဲ။
သမိုင်းကြောင်းအရ “အမေရိကန်တွေရဲ့ စိတ်ကူးထဲမှာ” ဆိုပြီး စမစ်က ရေးသားထားတာက “ဥရောပက ပင်လယ်တဖက်ခြမ်းမှာ အချိန်မရွေးတူညီတဲ့ အကြောင်းအချက်တွေနဲ့ တည်ရှိနေပါတယ်၊ မွေးရာဇာတိဒေသ၊ လူဖြူလူဦးရေနဲ့ အစဉ်သဖြင့် တည်မြဲရှင်သန်နေတယ်” လို့ မြင်ထားကြပါတယ်။ ဒါပေမဲ့ “၂၀၁၀ ပြည့်နှစ်များမှာတော့ ဒီအမေရိကန်တွေအတွက် ဥရောပရဲ့ ဗလာကျင်းနေတဲ့ ပုံရိပ်ကို မြင်လာကြရပါတယ်။ အရင်သူတို့ မြင်ထားသလို မတိကျတော့ပါဘူး။ ဥရောပက သူတို့ရဲ့ အလုပ်လုပ်ကိုင်နိုင်တဲ့ လူဦးရေ လျော့နည်းကျဆင်းလာတာနဲ့အမျှ မွတ်စလင်ဒုက္ခသည်တွေနဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ အလယ်ပိုင်းနဲ့ တောင်အာရှဒေသက အခြား ရွှေ့ပြောင်းအခြေချသူတွေကို သန်းနဲ့ချီလို့ ခေါ်ယူခဲ့ကြပါတယ်။ သူတို့တွေက အမေရိကန်မှာ သူတို့နဲ့အလားတူ ပြောင်းရွှေ့တွေ စီးဝင် အံဝင်ခွင်ကျ ဖြစ်ခဲ့ကြသလို၊ စီးဝင်ပြီး သဟဇာတ ထပ်တူမဖြစ်နိုင်ခဲ့ကြပါဘူး။ “ပဲရစ်က ပဲရစ်လို မဟုတ်တော့ဘူး” ဆိုတာမျိုး လူတွေပြောတာ ကြားဖူးကြပါလိမ့်မယ်။
ဒီနေ့ကာလမှာတော့ MAGA က ဦးဆောင်နေတဲ့ အမေရိကန်လက်ျာအင်အားစုတွေအဖို့တော့ စမစ်က ဖြည့်စွက်ပြောရာမှာ “ဒီမိုကရေစီ၊ ဒါမှမဟုတ် မဟာမိတ်ဖွဲ့မှုကို အခြေခံကျကျ အလေးထားမနေတော့ပါဘူး။ ဒါမှမဟုတ် NATO ဒါမှမဟုတ် ဥရောပ ပရောဂျက်တွေလည်း အရေးမပါတော့ပါဘူး။ သူတို့ ဂရုထားတာက ‘အနောက်တိုင်း လူ့ယဉ်ကျေးမှု’ပါ။ ဥရောပက မွတ်စလင် ပြောင်းရွှေ့အခြေချတွေကို အစုအပြုံလိုက် ပြန်နှင်မထုတ်ခဲ့ဘူးဆိုရင်၊ ခရစ်ယာန် ရှေးရိုးစဉ်လာတွေကို ပြန်မပြောနေဘူးဆိုရင်၊ ဥရောပကို ဘာပြဿနာဖြစ်ဖြစ် ကူညီဖို့အတွက် ရီပတ်ဘလစ်ကင်ပါတီက လက်တချက်မြှောက်မှာ မဟုတ်ဘူး ဆိုတာပါပဲ”။
တနည်းပြောရရင် လူမျိုးနဲ့ ကိုးကွယ်ယုံကြည်မှုကို အလေးထားတဲ့ “အနောက်တိုင်း လူ့ယဉ်ကျေးမှု” ကို ကာကွယ်စောင့် ရှောက်ရာမှာ ယူအက်စ် အမျိုးသားလုံခြုံရေးက ဗဟိုချက်မ ဖြစ်လာပါတယ်။ အကြီးမားဆုံး ခြိမ်းခြောက်မှုက အမေရိကနဲ့ အနောက်ဥရောပထဲကို ထိန်းချုပ်မနိုင်တဲ့ ရွှေ့ပြောင်းအခြေချမှု ဖြစ်လာပါတယ်။ ရုရှားနဲ့ တရုတ်တို့က ခြိမ်းခြောက်မှု ဟုတ်မနေပါဘူး။ ကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်သူ ရစ်ခ်လန်းဒ်ဂရပ်က ကာကွယ်ရေးဆိုင်ရာ ဝက်ဘ်ဆိုဒ် ပလက်ဖောင်းဖြစ်တဲ့ “ကျောက်တုံးတွေအတွက်တိုက်ပွဲ” (War on the Rocks) မှာ ဒီလို ရေးခဲ့ပါတယ်။ “အမေရိကန်ယဉ်ကျေးမှုကို ကာကွယ်ရာမှာ ‘ကျင့်ဝတ်ပိုင်းဆိုင်ရာ ကျန်းမာရေး’ (spiritual health) နဲ့ ‘ရိုးရာစဉ်လာ မိသားစု’ (traditional families) တွေကို ပင်မကျတဲ့ အမျိုးသားလုံခြုံရေး လိုအပ်ချက်အဖြစ် ထည့်သွင်းပုံဖော်ထားတယ်” လို့ ဆိုထားပါတယ်။
ဒါကြောင့်မို့ သမ္မတထရမ့်ပ်ရဲ့ အမျိုးသားလုံခြုံရေးမဟာဗျူဟာ စာတမ်းက မတော်တဆ ဖြစ်ရပ်တခု မဟုတ်ပါဘူး။ဒါမှမဟုတ် အိုင်ဒီယာ အတွေးအခေါ်နိမ့်တဲ့ လူတစုက ရေးသားလိုက်တာ မဟုတ်ပါဘူး။ အမှန်ပြောရရင် အခုအုပ်ချုပ်ရေး (အစိုးရ)ရဲ့ ပြည်တွင်းနဲ့ ပြည်ပအတွက် အမှန်တကယ် ရှင်းလင်းဖော်ပြထားတဲ့ ရှေးခေတ်ဂရိ (အီဂျစ်) Rosetta Stone တွေလို ကျောက်စာတခု ဖြစ်ပါတော့တယ်။
သောမတ်စ် ဖရိဒ်မင်း
အောင်သူငြိမ်း
Ref: The New York Times/ Thomas L. Friedman
Trump Isn’t Interested in Fighting a New Cold War. He Wants a New Civilizational War. (11 Dec 2025)


