Home
မြန်မာသတင်း
KTLA အဖွဲ့က KNLA ရဲဘော် ၁ ဦးနှင့် လူငယ် ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်
DVB
·
March 8, 2026
KNLA တပ်ဖွဲ့ဝင်အချို့ (Photo - DVB)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊​ ဘန်းချောင်းကျေးရွာအုပ်စုမှာ ကော်သူးလေတပ်မတော် (KTLA) က KNLA ရဲဘော်တယောက်နဲ့ အုပ်ချုပ်ရေးဘက်က လူငယ်တယောက်ကို ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ထားဝယ်မြို့နယ်၊ ပျာသားချောင်းဘက်မှပြန်လာတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ မှ အသက် ၂၀ အရွယ် ဆက်သွယ်ရေးတာဝန်ခံ ရဲဘော်တယောက်နဲ့ အုပ်ချုပ်ရေးဘက်က လူငယ်တယောက်ကို ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သော KTLA အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး မတ် ၇ ရက် မနက် ၂ နာရီမှာ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက “ကျနော်တို့က သူတို့အဖွဲ့ကို စကစဘက် အထောက်အကူပေးနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က စကစ ကို မတိုက်ဘဲ တော်လှန်ရေးအဖွဲ့အစည်းတွေကိုပဲ တိုက်ခိုက်နေတာကြောင့်ပါ” လို့ ပြောပါတယ်။

အဆိုပါဖြစ်စဥ်ဖြစ်ပွားရာနေရာဟာ KNLA ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပြီး စကစတပ်တွေ မရောက်နိုင်တဲ့ နေရာဖြစ်တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ပြောပါတယ်။

ကော်သူးလေတပ်မတော် KTLA ဟာ KNU ရဲ့ ခေါင်းဆောင်တွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကို မကြာခဏ ချုံခိုတိုက်ခိုက်လေ့ရှိတယ်လို့ ပဒိုစောအယ်နားက ပြောပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကော်သူးလေတပ်မတော် KTLA ဘက်ကို DVB အနေနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲပါ။

မတ် ၄ ရက်နေ့တုန်းကလည်း ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သော KTLA အဖွဲ့က KNLA တပ်ရင်း ၁၂ မှ ရဲဘော်တွေကို ချုံခိုတိုက်ခဲ့တာကြောင့် ရဲဘော် ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013