
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှာ မတ် ၅ ရက် မနက်ပိုင်းက နေအိမ်တအိမ်အတွင်း ကလေးငယ် ၃ ယောက် အပါအဝင် မိသားစုဝင် ၆ ယောက် သတ်ဖြတ်ခံရတဲ့ ၆ လောင်းပြိုင် လူသတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
မနေ့မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်၊ မြသာယာရပ်ကွက် နယ်မြေ ၅၊ အမှတ် ၅/၆၄ နေအိမ်မှာ လူသေဆုံးမှုရှိနေတယ်ဆိုတဲ့ သတင်းအရ တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးရာကနေ စတင်သိရှိခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
တာဝန်ရှိသူတွေ ဝင်ရောက်ချိန်မှာ အသက် ၄၁ နှစ်အရွယ် အိမ်ထောင်ဦးစီး ဦးကျော်မြတ်ဦးကို အိမ်ရှေ့ခန်းမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို စတင်တွေ့ရှိခဲ့ရပါတယ်။
ဆက်လက်စစ်ဆေးရာမှာတော့ အိမ်ရှေ့ အိပ်ခန်းထဲမှာ အသက် ၄၂ နှစ်အရွယ် အိမ်အကူ မမီးမီးနဲ့ အသက် ၁၁ နှစ်အရွယ် သားဖြစ်သူ မောင်ဘုန်းခန့်ကျော်တို့ကို ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရသလို နောက်ထပ် အိပ်ခန်းတခုထဲမှာလည်း အသက် ၃၇ နှစ်အရွယ် ဇနီးဖြစ်သူ မအိဖြူနဲ့ သမီးတွေဖြစ်ကြတဲ့ ၉ နှစ်အရွယ် မယုဝတီကျော်၊ ၅ နှစ်အရွယ် မယွန်းဝတီကျော်တို့ကို ဓားဒဏ်ရာတွေနဲ့ ထပ်မံတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
အခုလို အပြစ်မဲ့ကလေးငယ်တွေ အပါအဝင် တမိသားစုလုံးနီးပါး အသတ်ခံလိုက်ရတဲ့အတွက် ဒေသခံတွေကြားထဲ တုန်လှုပ်ချောက်ချားနေကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာတော့ ဒီ ၆ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူ တရားခံကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


