
ရန်ကုန်မှာ ဟိုးလေးတကြော်ကြော်ဖြစ်ပြီး လူပြောများခဲ့တဲ့ မှော်ဘီမြို့နယ်က ဇနီးဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့တဲ့ အမျိုးသားတယောက်ကို မတ် ၄ ရက် နေ့လယ်က မှော်ဘီခရိုင်တရားရုံးက သေဒဏ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မှော်ဘီခရိုင်တရားရုံးက မနေ့ နေ့လယ် ၁၂ နာရီက ပြစ်မှုကျူးလွန်သူ ကိုသူရဇော်ဇော်ကို ပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ်ချလိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“မနေ့က မှော်ဘီက ခေါင်းဖြတ်လူသတ်မှုကို ခရိုင်တရားရုံးက သေဒဏ်ချတယ်။ သတ်တဲ့ အမျိုးသားကလည်း သူ့မိန်းမနဲ့ အကြွေးကိစ္စနဲ့ စကားများရင်း ဒေါသအလျောက် သတ်မိတာလို့ ဝန်ခံတယ်။ သက်သေလည်းခိုင်လုံ၊ တရားခံကလည်း ဝန်ခံတဲ့အတွက် သေဒဏ်ချလိုက်တာ။”
ဇန်နဝါရီ ၂၄ ရက် မနက် ၁၀ နာရီက မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ မြောက်ပိုင်း တော်ဝင်လမ်းမှာ လင်မယားချင်း စကားများ ရန်ဖြစ်ရာက ခင်ပွန်းဖြစ်သူ ကိုသူရဇော်ဇော်က ဇနီး မဟေမန်သူကို ခေါင်းဖြတ်သတ်ခဲ့တာ ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူ ကိုသူရဇော်ဇော်ကို စစ်ကောင်စီလက်အောက်ခံ ရဲတွေဟာ အခင်းဖြစ်တဲ့ ဇန်နဝါရီ ၂၄ ရက် နေ့လယ်မှာပဲ ဖမ်းဆီးရမိခဲ့ပြီး မှော်ဘီမြို့မရဲစခန်းမှာ (ပ) ၂၉/၂၀၂၆ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။


